Connect with us

CHINA

အာဆီယံဝန်ကြီးများက COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး သဘောတူ 

ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းနေသူ တစ်ဦးအား မတ်လ အတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးများသည် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဧပြီ ၂၉ ရက်တွင် သဘောတူခဲ့ကြကြောင်း ပူးတွဲ ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။ 

အဆိုပါ ပူးတွဲကြေညာချက်အား ကမ္ဘောဒီးယား နိုင်ငံ ခရီးသွား လုပ်ငန်း ဝန်ကြီး Thong Khon က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည့် အာဆီယံခရီးသွား လုပ်ငန်းဝန်ကြီးများ၏ ကိုဗစ်-၁၉ ဆိုင်ရာ Video Conference အထူးအစည်းအဝေးပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများက ကပ်ရောဂါ ဖြစ်ပွားနေစဉ် အတွင်း အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် စီးပွားရေး ကဏ္ဍများ အနက် တစ်ခု ဖြစ်သည့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ကြီးမားသည့် စိန်ခေါ်မှုများကို စုပေါင်းကျော်လွှားရန် ခိုင်မာအားကောင်းသည့် အာဆီယံ ညှိနှိုင်းရေး ယန္တရား အတွက် အရေးပေါ် လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့ကြကြောင်း ဖော်ပြထားသည်။ 

စင်ကာပူနိုင်ငံ Marina Bay ရှိ Merlion Park အား မတ်လ အတွင်းက တွေ့ရစဉ်(ဆင်ဟွာ) 

ပြည်တွင်း ၊ ပြည်ပ ခရီးသွားလာသူများ နှင့် ခရီးသွား လုပ်ငန်းများ အတွက် အချိန်နှင့်တစ်ပြေးညီ ယုံကြည်စိတ်ချရသည့် သတင်းအချက်များကို ထောက်ပံ့ပေးရေး နှင့်အတူ အာဆီယံ အဖွဲ့ဝင်နိုင်ငံများက ဆောင်ရွက်နေသည့် ခရီးသွားလာခြင်း နှင့် ဆက်စပ်သည့် ကျန်းမာရေး ဆိုင်ရာ နှင့် အခြား လိုအပ်သည့် အစီအမံများ အပေါ် သတင်းအချက်အလက် ဖလှယ်မှု လျှင်မြန်ရေးတွင် အာဆီယံ ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အာဆီယံ ဝန်ကြီးများက သဘောတူခဲ့ကြကြောင်း သိရသည်။ 

အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား သတင်းအချက်အလက် မျှဝေခြင်း နှင့် ကောင်းမွန်သည့် လက်တွေ့ဆောင်ရွက်မှုများ ဖလှယ်ခြင်းတို့တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရုံသာမက အာဆီယံ နှင့် ဆွေးနွေးဖက်နိုင်ငံများတွင်လည်း အကြပ်အတည်းကာလကို တုံ့ပြန်ရေး နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် အထောက်အကူ ဖြစ်စေရန် အစီအမံများ အပေါ် တွင်လည်း သဘောတူခဲ့ကြကြောင်း ထည့်သွင်း ဖော်ပြထားသည်။ 

ထို့အတူ ရှင်းလင်းသည့် မူဝါဒများကို အကောင်အထည်ဖော်ရေး နှင့် အရှေ့တောင်အာရှသို့ နိုင်ငံတကာမှ လာရောက်လည်ပတ်သူများနှင့်  ပြည်တွင်း၌ ရှင်းလင်းသည့် စံချိန်စံညွှန်းများ နှင့် လမ်းညွှန်ချက်များ ဖြစ်ပေါ်ရေး ယုံကြည်မှု မြှင့်တင်ရန် အစီအမံများ နှင့် အလုပ်သမားများအား ကာကွယ်ရန် ပိုမိုလုံခြုံအခြေအနေကောင်းသော အလုပ်ပတ်ဝန်းကျင် နှင့် ဧည့်ဝတ်ကျေပွန်မှု နှင့် ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်သည့် ကဏ္ဍများနှင့် ဧည့်ဝတ်ကျေပွန်မှု လူမှုအသိုက်အဝိုင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် အသေးစား နှင့် မက်ခရို စီပွားရေး မူဝါဒများကို တစ်ပြိုင်နက်တည်း အရှိန်မြှင့်ရန် ၊ ဘဏ္ဍာရေးဆိုင်ရာ မြှင့်တင်မှု နှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပေးအပ်ရေး ၊ အခွန်လျှော့ချရေး ၊ အထူးသဖြင့် ခရီးသွားလာရေး နှင့် ခရီးသွား လုပ်ငန်းတွင် ပါဝင်သူများ အတွက် ဒီဂျစ်တယ် ကျွမ်းကျင်မှုစွမ်းရည် နှင့် စွမ်းဆောင်ရည် တည်ဆောက်ခြင်းတို့ကို သဘောတူခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ အစည်းအဝေး အတွင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi က အာဆီယံ၌ ယခုထိ COVID-19 ရောဂါ အတည်ပြုဖြစ်ပွားသူ အရေအတွက် ၄၅,၀၀၀ ဦးခန့်ရှိပြီး လူပေါင်း ၁,၈၀၀ ဦးခန့် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။  

“ဒီကျန်းမာရေး အကြပ်အတည်းက ကုန်သွယ်ရေး နဲ့ ထောက်ပံ့ရေး ကွင်းဆက် ပြတ်တောက်ခြင်းကနေ စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းခြင်း နဲ့ အလုပ်အကိုင် ဆုံးရှုံးခြင်း အထိ ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့ စီးပွားရေး အပေါ်  ကြီးကြီးမားမား ထိခိုက်စေပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

အဓိကအားဖြင့် အသေးစား စီးပွားရေး လုပ်ငန်းများ နှင့် ထောင်နှင့်ချီသော အလုပ်သမားများ လုပ်ကိုင်ကြသည့် ခရီးသွား လုပ်ငန်း နှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ၊ ဧည့်ဝတ်ပြုခြင်း နှင့် လက်လီ အရောင်းလုပ်ငန်းများတွင် အမှန်တကယ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)