Connect with us

INTERNATIONAL ORGANIZATION

COVID-19 ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အန္တရာယ် အသွင် ပေါ်လွင်လာပြီဖြစ်သည်ဟု  WHO ပြောကြား

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အား မတ် ၉ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၁၀ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါသည် နိုင်ငံအမြောက်အမြားတွင် ဖြစ်ပွားလျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အန္တရာယ်အသွင် ပေါ်လွင်လာပြီဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)  ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus)က မတ် ၉ ရက် တွင် ပြောကြားခဲ့သည်။

တက်ဒရော့စ်က အခြေအနေများ ဆိုးဝါးနေသော်လည်း COVID-19 ရောဂါဖြစ်ပွားမှုသည် သမိုင်းတွင် ပထမဆုံး ထိန်းချုပ်နိုင်မည့် ကပ်ရောဂါဖြစ်မည်ဖြစ်ကြောင်း ၊ အဓိကအကြောင်းရင်းမှာ မိမိတို့အနေဖြင့် ဗိုင်းရပ်စ်ရောဂါပိုးကို ချယ်လှယ်ခြင်းကို လက်သင့်ခံနေမည်မဟုတ်သောကြောင့် ဖြစ်သည်ဟု ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ အားသာချက်တွေအများကြီးရှိတယ်။ အစိုးရ၊ ကုမ္ပဏီလုပ်ငန်း ၊ လူနေရပ်ကွက်၊ မိသားစုနှင့် မိမိ ကိုယ်တိုင်ကစလို့ လုပ်ဆောင်မှုတိုင်းက ဒီ ရောဂါဘေးကြီးဖြစ်ပွားနေတဲ့ အခြေအနေကို အပြောင်းအလဲဖြစ်စေနိုင်တယ်”ဟု တက်ဒရော့စ်က ဆိုသည်။

ကမ္ဘာတစ်ဝှမ်း COVID-19ရောဂါ အတည်ပြုလူနာအရေအတွက်နှင့် ရောဂါဖြစ်ပွားသည့် နိုင်ငံနှင့်ဒေသများ၏အရေအတွက်သည် အဆက်မပြတ်တိုးတက်လျက်ရှိကြောင်း၊ သို့သော်လည်း ရောဂါပြန့်ပွားမှုခြေအနေမှာ ကွဲပြားခြားနားချက်များ ရှိရာ နိုင်ငံများအနေဖြင့် ၎င်းအခြေအနေပေါ်မူတည်၍ ပစ်မှတ်ထား ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ လက်ရှိလုပ်ဆောင်ရမည်မှာ ရောဂါတားဆီးရေးနှင့် ရောဂါဖြစ်ပွားမှုနှုန်း လျှော့ချရေးတွင် တစ်ခုကို ရွေးချယ်လုပ်ဆောင်ရမည်မဟုတ်ဘဲ နည်းလမ်းနှစ်ခုစလုံးကို တစ်ချိန်တည်းတစ်ပြိုင်တည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း တက်ဒရော့စ်က ပြောကြားခဲ့သည်။ 

လုပ်ဆောင်ရမည်များကို ပြတ်ပြတ်သားသား စောလျဉ်းစွာ လုပ်ဆောင်ခြင်းသည် ရောဂါပိုးပြန့်ပွားမှုကို လျော့နည်းစေနိုင်ကြောင်း၊ ကူးစက်ခံရသူအများစုမှာလည်း ရောဂါပြန်လည်ကောင်းမွန်လာသည်ကိုတွေ့မြင်ရကြောင်း၊ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၈၀,၀၀၀ ကျော် ရှိရာတွင် ၇၀ ရာခိုင်နှုန်းကျော်သည် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းနိုင်ခဲ့ကြောင်း တက်ဒရော့စ်က အလေးထား ပြောကြားခဲ့သည်။ 

နိုင်ငံအားလုံးအနေဖြင့် ရောဂါထိန်းချုပ်ရေး ဘက်စုံမဟာဗျူဟာကို ဆောင်ရွက်ကျင့်သုံးကြရန် WHOက နှိုးဆော် ထားကြောင်း သိရသည်။ 

ရောဂါ ရှာဖွေစစ်ဆေးခြင်း ၊ သွားရောက်ဖူးသောနိုင်ငံနှင့်ဒေသများကို ခြေရာခံခြင်း စသည့်ဆောင်ရွက်ချက်များမှာ မိမိနိုင်ငံ၏ ပြည်သူများအတွက်သာမက အခြားနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းသို့ ရောဂါပြန့်ပွားနိုင်မှု အန္တရာယ်အား တားဆီးရာတွင် အထောက်အပံ့ဖြစ်စေကြောင်း တက်ဒရော့စ်က ပြောကြားခဲ့သည်။ 

လူနေရပ်ကွက်ဒေသများတွင် ရောဂါပြန့်ပွားမှုများ ဖြစ်ပေါ်လာသည့် နိုင်ငံနှင့်ဒေသများက အခြေအနေပေါ်တွင်မူတည်၍ စာသင်ကျောင်းများ ပိတ်ထားရန်၊ လူစုလူဝေးပွဲလမ်းသဘင်များကို ဖျက်သိမ်းရန်နှင့် အခြားနည်းလမ်းများ ဆောင်ရွက်ကာ ဗိုင်းရပ်ရောဂါပိုးနှင့် ထိတွေ့နိုင်မှု အခြေအနေကို လျော့ကျအောင် ဆောင်ရွက်ရန် ထည့်သွင်းစဉ်းစားသင့်ကြောင်း  ၎င်းက ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.