Connect with us

WORLD

အမေရိကန်နှင့်အပေါင်းအပါများက COVID-19 ကိုအသုံးချပြီး ယင်းတို့၏ ရည်မှန်းချက်ကို ကမ္ဘာ့အခင်းအကျင်းထဲ သွပ်သွင်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ နယူးယောက်အိတ်ချိန်း (NYSE) ရုံးရှေ့တွင် အမေရိကန်အလံအား လွှင့်ထူထားသည်ကို ဧပြီ ၁၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နှင့် ၎င်း၏ မဟာမိတ်အပေါင်းအပါများသည် ထိပ်တိုက်ရင်ဆိုင်ရေးကို ဖန်တီးနေသလို COVID-19 ကပ်ရောဂါ ကိုအသုံးချ၍ အနာဂါတ် ကမ္ဘာ့အခင်းအကျင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက် အတွေးအမြင်များကို သွပ်သွင်းရန် လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergei Lavrov က မေ ၁၃ ရက်တွင်ပြောကြားလိုက်သည်။

“ သူတို့ပြောနေတာက စည်းမျဉ်းစည်းကမ်းတစ်ခုပေါ်အခြေခံတဲ့ ကမ္ဘာ့အခင်းအကျင်းပေါ့ ၊ ဒါပေမယ့် ခင်များတို့သိတဲ့အတိုင်းပဲ သူတို့ရဲ့ စည်းမျဉ်းတွေကို သူတို့ကိုယ်တိုင်ပဲ ပြန်ပြီးချိုးဖောက်နေကြတယ်” ဟု ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) နိုင်ငံခြားရေးဝန်ကြီးများ၏ ဗီဒီယိုရုပ်သံ အစည်းအဝေးတစ်ခုတွင် Lavrov က ပြောကြားခဲ့ခြင်းဖြစ်သည်။

ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း တစ်ကိုယ်တော်ဝါဒ ပိတ်ပင်တားဆီးမှုများကို ရပ်ဆိုင်းထားရန် Lavrov ကတောင်းဆိုခဲ့ပြီး ထိုသို့ပိတ်ပင်တားဆီးမှုများကြောင့် ဆေးဝါးအထောက်အပံ့များ ၊ အသုံးအဆောင်များ နှင့် အစားအသောက်များအတွက် လူသားချင်းစာနာမှု အကူအညီပေးရန် အခက်အခဲများစွာ ဖြစ်ပေါ်စေကြောင်း ၎င်းက ဆိုသည်။

ရုရှားနိုင်ငံအနေဖြင့် စုပေါင်းအဖြေရှာခြင်း နည်းလမ်းတစ်ခုကို လက်ကိုင်ထားကြောင်း နှင့် တစ်ကမ္ဘာလုံးပါဝင်မှု နှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ကိုအခြေခံသော ချိတ်ဆက် အားထုတ်ကြိုးပမ်း ဆောင်ရွက်မှုအပေါ် ယုံကြည်ကြောင်း နှင့် အဆိုပါ အားထုတ်မှုများသည် နိုင်ငံတိုင်း၏ အကျိုးစီးပွားများကို ရောင်ပြန် ဟတ်စေမည်ဖြစ်ကြောင်း Lavrov က ဆိုသည်။

ထို့ပြင် ရုရှားနိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံတကာဆက်ဆံရေးစနစ်ကို ထိန်းသိမ်းရန် ထောက်ခံအားပေးခဲ့ပြီး ယင်းမှာ ကမ္ဘာ့ကုလသမဂ္ဂ နှင့် ယင်း၏ လက်အောက်ခံ အဖွဲ့အစည်းများကို ထောက်ခံအားပေးခြင်းလည်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

Lavrov က ရုရှားနိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ဘယ်လို အပြောင်းအလဲဖြစ်စေ ၊ ပြုပြင်ပြောင်းလဲမှုဖြစ်စေ တစ်ခါတည်း တစ်ထိုင်တည်း လုပ်လို့မရပါဘူး၊ ဒါပေမယ့် ကမ္ဘာကြီးမှာ ဖြစ်ပေါ် ပြောင်းလဲနေတဲ့အခြေအနေကို အမှီလိုက်ဖို့အတွက် ဖြည်းဖြည်းနဲ့မှန်မှန် ဆက်ပြီးလုပ်ဆောင်သွားရမှာပါ” ဟု Lavrov ကဆိုသည်။  (Xinhua)