Connect with us

WORLD

ကပ်ရောဂါတိုက်ဖျက်ရေး ကူညီမှုအတွက် တရုတ်နိုင်ငံမှ ဆေးပညာရှင်များကို ဂျီဘူတီနိုင်ငံက ဂုဏ်ပြုဆုချီးမြှင့်

ဂျီဘူတီနိုင်ငံမှ ဂုဏ်ပြုဆုပေးအပ်ခြင်းခံရသည့် တရုတ်နိုင်ငံမှ ဆေးပညာရှင်များနှင့် ဂျီဘူတီနိုင်ငံမှ တာဝန်ရှိသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အက်ဒစ်စ် အက်ဘာဘာ၊ မေ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ဆေးပညာရှင်များသည် ဂျီဘူတီနိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ကူညီပေးခြင်း အထူးတာဝန်ပြီးဆုံးချိန်တွင် ၎င်းတို့၏ လုပ်ဆောင်မှုများအတွက် ဂုဏ်ပြုဆုများ ချီးမြှင့်ခံရကြောင်း နှင့် မေ ၁၁ ရက်တွင် ဂျီဘူတီနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

၎င်းတို့အား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ပြီးနောက် ဂျီဘူတီနိုင်ငံ အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီး မာမွတ် အလီ ယူဆပ်ဖ် (Mahmoud Ali Youssouf) နှင့် ကျန်းမာရေးဝန်ကြီး မိုဟာမက် ဝါဆာမာ ဒီရီ (Mohamed Warsama Dirieh) တို့က လေဆိပ်သို့ ပို့ဆောင်ပေးခဲ့ကြသည်။

ဂျီဘူတီနိုင်ငံမှ ဂုဏ်ပြုဆုပေးအပ်ခြင်းခံရသည့် တရုတ်နိုင်ငံမှ ဆေးပညာရှင်များနှင့် ဂျီဘူတီနိုင်ငံမှ တာဝန်ရှိသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီဘူတီနိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဆိုင်ရာ တရုတ်နိုင်ငံ ဆေးပညာရှင်များ၏ အပြုသဘောဆောင်သော အဆိုပြုချက်များနှင့် လမ်းညွှန်ချက်များအပေါ် ဝန်ကြီးများက ကျေးဇူးတင်စကား အသီးသီး ပြောကြားခဲ့ပြီး ဂျီဘူတီနိုင်ငံ သမ္မတ Ismail Omar Guelleh နှင့် ဝန်ကြီးချုပ် Abdoulkader Mohamed တို့ကလည်း ချီးကျူးကြောင်း ပြောခဲ့သည်။

ဂျီဘူတီနိုင်ငံ၏ Independent Day Medal ကို ဂျီဘူတီနိုင်ငံ လွတ်လပ်ရေးရခဲ့သည့် ၁၉၇၈ ခုနှစ် ဇွန် ၂၇ ရက်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။မေ ၁၁ ရက်က ပြုလုပ်ခဲ့သည့် ဆုတံဆိပ်ပေးအပ်ခြင်း အခမ်းအနားတွင် ဂျီဘူတီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးက တရုတ်နိုင်ငံမှ ပညာရှင်များအား ဆုများအပ်နှင်းခြင်းသည် ဆေးဘက်ဆိုင်ရာ အဖွဲ့အတွက် ပေးအပ်ခြင်းသာမက နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၏ အထိမ်းအမှတ်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက်ရှူလမ်းကြောင်းနှင့် ကူးစက်ရောဂါ ထိန်းချုပ်ရေး၊ အထူးကြပ်မတ်စောင့်ရှောက်ရေး၊ တရုတ်တိုင်းရင်းဆေးဝါးနှင့် အခြား အထူးပြုပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၂ ဦးပါဝင်သည့် တရုတ်နိုင်ငံမှ ဆေးပညာရှင်အဖွဲ့သည် ဂျီဘူတီနိုင်ငံသို့ ဧပြီ ၃၀ ရက်ကရောက်ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် ဂျီဘူတီနိုင်ငံသို့ မလာရောက်မီ အီသီယိုးပီးယားနိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့မှု ကာကွယ် ထိန်းချုပ်ရေးအတွက် အီသီယိုးပီးယားမှ လုပ်ဖော်ဆောင်ဖက်များနှင့် အချိန်နှစ်ပတ်ခန့် အတူတူလုပ်ကိုင်ခဲ့ကြောင်း သိရသည်။ဂျီဘူတီနိုင်ငံတွင် မတ် ၁၈ ရက်က ပထမဆုံး COVID-19 ဖြစ်ပွားသူ တွေ့ရှိခဲ့ကြောင်း၊ မေ ၁၁ ရက်အထိ နိုင်ငံအတွင်း အတည်ပြုလူနာ ၁,၂၂၇ ဦးရှိခဲ့ပြီး သေဆုံးသူ ၃ ဦးရှိကြောင်း သိရသည်။  (Xinhua)