Connect with us

WORLD

ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးသူ တစ်သန်းကျော်လွန်ပြီဖြစ်ကြောင်း WHO ပြော

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ရှိ ဘတ်စ်ကားမှတ်တိုင်တွင် နှာခေါင်းစည်းတပ်ဆင်ကာ စောင့်ဆိုင်းနေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

 ကမ္ဘာတစ်ဝန်းတွင် စက်တင်ဘာ ၂၉ ရက်အထိ COVID-19 ရောဂါကြောင့်သေဆုံးသူ အရေအတွက် တစ်သန်းကျော်လွန်သွားပြီဖြစ်ကာ ၁,၀၀၀,၀၄၀ ဦးအထိရောက်ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးရကိန်းဂဏန်းများအရ သိရသည်။

စက်တင်ဘာ ၂၉ ရက် ညနေ ၅:၀၈ နာရီအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူ ၁,၀၀၀,၀၄၀ ဦးအပါအဝင် COVID-19 အတည်ပြုလူနာ ၃၃,၂၄၉,၅၆၃ ဦးအထိရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အတည်ပြုလူနာအရေအတွက်အနေဖြင့် အမေရိကန်နိုင်ငံတွင် ၇,၀၄၄,၃၂၇ ဦး၊ အိန္ဒိယနိုင်ငံတွင် ၆,၁၄၅,၂၉၁ ဦးနှင့် ဘရာဇီးလ်နိုင်ငံတွင် ၄,၇၃၂,၃၀၉ ဦး အသီးသီးရှိပြီး COVID-19 ကူးစက်ခံရသူ တိုးပွားနေသည့် ထိပ်ဆုံးသုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။ သေဆုံးသူဦးရေအနေဖြင့် အမေရိကန်နိုင်ငံတွင် ၂၀၃,၆၂၀ ဦး၊ အိန္ဒိယနိုင်ငံတွင် ၁၄၁,၇၄၁ ဦး နှင့် ဘရာဇီးလ်နိုင်ငံတွင် ၉၆,၃၁၈ ဦးအသီးသီးရှိကြောင်း သိရသည်။

ရောဂါအတည်ပြုခံရသူဦးရေများအရ အခြားသော ထိခိုက်မှုကြီးမားသည့်နိုင်ငံများဖြစ်သည့် ရုရှားနိုင်ငံတွင် ၁,၁၆၇,၈၀၅ ဦး၊ ကိုလံဘီယာနိုင်ငံတွင် ၈၁၃,၀၅၆ ဦး၊ ပီရူးနိုင်ငံတွင် ၈၀၅,၃၀၂ ဦး၊ မက္ကဆီကိုနိုင်ငံတွင် ၇၃၀,၃၁၇ ဦး နှင့် စပိန်နိုင်ငံတွင် ၇၁၆,၄၈၁ ဦးတို့ဖြစ်သည်။

ထိပ်ဆုံးသုံးနိုင်ငံပြီးနောက် သေဆုံးမှုစာရင်းများအနေဖြင့် မက္ကဆီကိုတွင် ၇၆,၄၃၀ ဦး၊ ဗြိတိန်တွင်  ၄၂,၀၀၁ ဦး၊ အီတလီတွင် ၃၅,၈၅၁ ဦး၊ ပီရူးတွင် ၃၂,၂၆၂ ဦးနှင့် ပြင်သစ်နိုင်ငံတွင် ၃၁,၆၀၈ ဦးတို့ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သေဆုံးသူတစ်သန်းရှိပြီဆိုသည်မှာ ကမ္ဘာကြီးအတွက် ခက်ခဲသည့်အခိုက်အတန့်တစ်ခုဖြစ်ကြောင်း၊ သို့သော် ယခုနှင့် လာမည့်အနာဂတ်အတွက် အားတက်စေမည့် မှိန်ဖျဖျ မျှော်လင့်ချက်အလင်းရောင်များရှိကြောင်း စက်တင်ဘာ ၂၉ ရက်က ပြောကြားခဲ့သည်။

ကပ်ရောဂါတိုက်ဖျက်ရေးတွင် အရေးပါသောသင်ခန်းစာသည် “ဘယ်နိုင်ငံမှာတော့ ရောဂါဖြစ်ပွားနေတယ်ဆိုတာက အရေးမကြီးဘူး။ နောက်ပြန်လှည့်ဖို့အတွက် ဘယ်တော့မှနောက်ကျတယ်ဆိုတာမရှိပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ 

“နိုင်ငံတွေ၊ ရပ်ကွက်တွေနဲ့ လူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ကူးစက်ရောဂါ ထိန်းချုပ်ဖို့ မရှိမဖြစ် အဆင့်လေးဆင့်ကို ဦးတည်ထားရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ WHO အကြီးအကဲ၏ အဆိုအရ အဆင့်လေးဆင့်ဆိုသည်မှာ – ပထမအဆင့် – ပွဲလမ်းသဘင်များ ကျင်းပခြင်းမှဆောင်ရှားခြင်း။

ဒုတိယအဆင့် – အသက်အရွယ်ကြီးသူများ၊ ယင်းအခြေအနေတွင်ရှိနေသူများနှင့် မရှိမဖြစ်အလုပ်သမားများ အပါအဝင် ထိခိုက်လွယ်သောအုပ်စုများကို ကာကွယ်ခြင်းဖြင့် သေဆုံးမှုကို လျှော့ချခြင်း။တတိယအဆင့် – တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး တစ်မီတာအကွာအဝေး၌ နေထိုင်ခြင်း၊ လက်များကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ချောင်းဆိုး၊ နှာချေသည့်အခါ လုံခြုံစွာအုပ်၍ ချောင်းဆိုး၊ နှာချေခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် C သုံးလုံးကို ရှောင်ရှားခြင်း (နီးကပ်သောနေရာများ၊ လူထူထပ်သောနေရာများနှင့် ရောဂါဖြစ်ပွားသူနှင့် ထိတွေ့မှုရှိခြင်း) စသဖြင့် မိမိတို့ကိုယ်တိုင်နှင့် အခြားသူများကို ကာကွယ်ရန် ဆောင်ရွက်ချက်များတွင် ကိုယ်တိုင်ပါဝင်ခြင်း။ 

စတုတ္ထအဆင့် – အစိုးရများအနေဖြင့် ရောဂါဖြစ်ပွားမှုများကို ရှာဖွေရန်၊ သီးခြားထားရှိရန်၊ စစ်ဆေးရန်နှင့် စောင့်ရှောက်ရန်၊ ထိတွေ့မှုရှိသူများကို ခြေရာခံရှာဖွေရန်နှင့် အသွားအလာကန့်သတ်ထားရှိရန် စသည့်ဆောင်ရွက်မှုများကို စီမံလုပ်ဆောင်ခြင်း စသည်တို့ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.