Connect with us

WORLD

အစ္စရေးနိုင်ငံက စေတနာ့ဝန်ထမ်း ၁၀၀ ဖြင့် COVID-19 ကာကွယ်ဆေး စတင်စမ်းသပ်မည်

အစ္စရေးနိုင်ငံ ရမ်လာမြို့ရှိ ကျန်းမာရေးဆေးခန်းတစ်ခုတွင် COVID-19 စစ်ဆေးမှုနမူနာများ ရယူနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံသည် COVID-19 ကာကွယ်ဆေးကို စေတနာ့ဝန်ထမ်း ၁၀၀ ဖြင့် ပထမဆုံးစမ်းသပ်မှုစတင်တော့မည် ဖြစ်ကြောင်း နိုင်ငံအလယ်ပိုင်းရှိ Sheba ကျန်းမာရေးစင်တာက စက်တင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။ 

အဆိုပါ စမ်းသပ်မှုများကို ဂျေရုဆလမ်မြို့ရှိ Sheba ဆေးရုံနှင့် Hadassah ကျန်းမာရေးစင်တာများတွင် အောက်တိုဘာလ၌ စတင်ရန်လျာထားပြီး ၎င်းနေရာနှစ်ခုလုံးကို ရွေးချယ်ရခြင်းမှာ လက်တွေ့စမ်းသပ်မှုများအတွက် ကြီးမားသောစင်တာများရှိသောကြောင့်ဖြစ်သည်။

အစ္စရေးနိုင်ငံပိုင် ဇီဝဗေဒဆိုင်ရာ သုတေသနအဖွဲ့ (IIBR) က ဖော်ထုတ်ထားသော ယင်း ကာကွယ်ဆေးသည် လူကိုအန္တရာယ်မဖြစ်စေသော နောက်ထပ်ဗိုင်းရပ်စ်ကို အခြေခံထားခြင်း ဖြစ်သည်။ 

အဆိုပါဗိုင်းရပ်စ်၏ အစိတ်အပိုင်းတစ်ခုသည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်၏ အစိတ်အပိုင်းတစ်ရပ်ဖြင့် အစားထိုးထားခြင်း ဖြစ်ပြီး ထိုအစိတ်အပိုင်းသည် လူသား၏ ဆဲလ်များနှင့် ပေါင်းစည်းခြင်းကို လုပ်ဆောင်ပေးခြင်းဖြစ်သည်။ 

ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်သည် ဆဲလ်များနှင့် ပေါင်းစည်းမှုလုပ်ဆောင်မှုကို သိရှိပြီးနောက် ၎င်းကို တိုက်ဖျက်မည့်ပဋိပစ္စည်းများ ထုတ်ပေးကာ ကိုရိုနာဗိုင်းရပ်စ်အား လူသားဆဲလ်များသို့ လာရောက်ပေါင်းစည်းခြင်းကို ကာကွယ်ပေးမည်ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးကို ဟမ်းစတားများတွင် စမ်းသပ်ရာ အောင်မြင်ခဲ့ကြောင်း IIBR က ဇွန်လ၌ ကြေညာခဲ့သည်။ ကာကွယ်ဆေးထိုးထားသော ဟမ်းစတားများ၏ သွေးအတွင်း ကိုရိုနာဗိုင်းရပ်စ်အကြွင်းအကျန်များ ပါဝင်ခြင်းမရှိကြောင်းနှင့် ၎င်းတို့သည် ဗိုင်းရပ်စ်တိုက်ဖျက်ရန် ပဋိပစ္စည်းများကို ထုတ်ပေးခဲ့ကြောင်း သိရသည်။ 

ကာကွယ်ဆေးဘေးကင်းစိတ်ချရမှုကို ပထမအဆင့်တွင် စမ်းသပ်သွားမည် ဖြစ်ပြီး စေတနာ့ဝန်ထမ်းများကို ကြွက်သား၊ လက် သို့မဟုတ် တင်ပါးများ၌ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံသွားမည်ဖြစ်သည်။

အကယ်၍ ကာကွယ်ဆေးသည် သိသာထင်ရှားသောဘေးထွက်ဆိုးကျိုးများမရှိခဲ့ပါက စမ်းသပ်မှုများကို စေတနာ့ဝန်ထမ်း ရာနှင့်ချီ၍ တိုးချဲ့သွားမည် ဖြစ်ပြီး ထိရောက်မှုကို စမ်းသပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

လူအများပါဝင်သော လက်တွေ့စမ်းသပ်မှု ပထမအဆင့်အတွက် လိုအပ်သော အထူးအထောက်အပံ့ပစ္စည်းများ အပါအဝင် ဆေးရုံဝန်ထမ်းများမှာလည်း အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း Hadassah ကျန်းမာရေးစင်တာ ညွှန်ကြားရေးမှူးချုပ် Zeev Rotstein က Hebrew သတင်းဝက်ဘ်ဆိုက်ဖြစ်သည့် “Ynet” သို့ ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းတွေ၊ ကောင်းမွန် ထိရောက်ပြီး ထပ်တိုးအန္တရာယ်တွေမရှိနိုင်တဲ့ အကောင်းဆုံးနည်းလမ်းနဲ့ လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.