Connect with us

WORLD

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နယ်ပယ်လေးခုတွင် ခိုင်မာစွာပူးပေါင်းဆောင်ရွက်သွားမည် 

တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး #ဝမ်ရိ နှင့် #ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် COVID-19 တိုက်ဖျက်ရေးနှင့် အခြားသောနယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။ 

နှစ်ပေါင်း ၇၀ ကြာ အခက်အခဲများ ကျော်ဖြတ်ခဲ့ပြီးနောက် တရုတ်-ရုရှား ဆက်ဆံရေးသည် ပိုမို၍ ရင့်ကျက် တည်ငြိမ်ကာ တက်တက်ကြွကြွရှိလာခဲ့ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် မော်စကိုမြို့တွင် တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ဝမ်က ပြောခဲ့သည်။ 

ဝမ်က တရုတ်-ရုရှား ဆက်ဆံရေး အောင်မြင်မှုများအပေါ် ချီးကျူးပြောကြားလျက် “ကျွန်တော်တို့အနေနဲ့ အခြေအနေသစ်မှာ နှစ်နိုင်ငံ ဆက်ဆံရေး ထိန်းသိမ်းနိုင်ဖို့၊ ခိုင်မြဲနိုင်ဖို့နဲ့ တိုးတက်နိုင်စေဖို့ ဘယ်လိုမျိုး ဆောင်ရွက်မလဲဆိုတာကို နက်နက်နဲနဲ စဉ်းစားရမှာဖြစ်ပါတယ်။ ဒါက နှစ်နိုင်ငံ၏ တိုးတက်မှု၊ ရှင်သန်မှုတွေနဲ့ နှစ်နိုင်ငံပြည်သူများ သာယာဝပြောရေးတွေနဲ့ ဆက်စပ်နေတာသာမက ကမ္ဘာကပင် သိသိသာသာ စံနမူနာပြုလောက်ဖွယ်အတွက်လည်းပဲ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ 

ထို့ကြောင့် နှစ်နိုင်ငံအနေဖြင့် နယ်ပယ်လေးခုတွင် ခိုင်မာစွာပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း ဝမ်က ဆိုသည်။

ပထမအချက်အနေဖြင့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် COVID-19 တိုက်ဖျက်ရေးတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ထောက်ခံသူများဖြစ်သင့်ကြောင်း ဝမ်ကပြောကြားခဲ့သည်။ 

ကပ်ရောဂါကို ရင်ဆိုင်ရင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် တစ်ကိုယ်ကောင်းဆန်မှုအစား စည်းလုံးမှုကိုလည်းကောင်း၊ အပြစ်ပုံချမည့်အစား ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နှင့် ရုရှားတို့သည် အခြားသောနိုင်ငံများနှင့်အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အခိုင်အမာထောက်ခံရေး၊ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ပုံမှန်လုပ်ဆောင်ရာတွင် ကောင်းမွန်စွာ ဆောင်ရွက်သွားရေး ကာကွယ်ဆေးများကို ကမ္ဘာကြီးတစ်ခုလုံးအတွက် ပြည်သူ့ကုန်စည်အဖြစ် အားလုံးရရှိနိုင်ရေး အတူတကွ ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ 

နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရမည့်အစား “နိုင်ငံရေး ဗိုင်းရပ်စ်” အဖြစ် ထုတ်လွှင့်နေသော တာဝန်မဲ့အပြုအမူကို ကန့်ကွက်သင့်ကြောင်း၊ COVID-19 တိုက်ဖျက်ရေးတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသော နိုင်ငံရေးပတ်ဝန်းကျင်နှင့် အများပြည်သူဆိုင်ရာ ကောင်းမွန်သော ထင်မြင်ချက်ကို ပျိုးထောင်သွားရမည် ဖြစ်ကြောင်း ဝမ်က ဆိုသည်။ 

ဒုတိယနယ်ပယ်အနေဖြင့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် လိုက်လျောညီထွေမှုရှိစွာ နေထိုင်လျက်ရှိသော အင်အားကြီးနိုင်ငံများ၏ ဥပမာများဖြစ်သင့်ကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။ 

တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကြီးမားဆုံး အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အားလျော်စွာ တရုတ်နှင့် ရုရှားနိုင်ငံတို့သည် လူဦးရေနှင့် နယ်မြေပိုင်ဆိုင်မှု အသီးသီးအရ ကမ္ဘာ့အကြီးမားဆုံး နိုင်ငံများဖြစ်ကြကြောင်း၊ နိုင်ငံ၏ အရွယ်အစား ကြီးမားလေ ယင်းနိုင်ငံ၏ တာဝန်ရှိမှုကလည်း ကြီးမားလေဖြစ်ကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။ 

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် အဓိကတာဝန်အဖြစ် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်များ အကောင်အထည်ဖော်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အပြန်အလှန် နိုင်ငံရေးယုံကြည်မှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) နှင့် ယူရေးရှားစီးပွားရေးသမ္မတ (Eurasian Economic Union) တို့ ချိတ်ဆက်ဆောင်ရွက်မှု ရှေ့ဆက်တွန်းအားပေးသွားမည် ဖြစ်ကြောင်း၊ BRI နှင့် Greater Eurasian Partnership တို့ အပြန်အလှန်အကျိုးကျေးဇူးရှိစွာ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်သွားမည်ကြောင်းနှင့် အဓိကအင်အားကြီးနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နမူနာတစ်ရပ်ပြသသွားမည် ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။ 

တတိယအချက်အနေဖြင့် နှစ်နိုင်ငံသည် နောက်ဆုံးပေါ် သိပ္ပံနှင့် နည်းပညာတွင် ဦးဆောင်သူများ ဖြစ်သင့်ကြောင်းလည်း ဝမ်က ဆိုသည်။ 

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့တွင် သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွင် လိုက်ဖက်သော အကျိုးကျေးဇူးများနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများ ကြီးမားစွာရှိကြောင်း၊ နှစ်နိုင်ငံအနေဖြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ  တီထွင်ဆန်းသစ်မှုနှစ်တွင် အကျိူးကျေးဇူးရှိစွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ မဟာဗျူဟာမြောက် စီမံကိန်းများ တိုးတက်မှုနှင့် အကောင်အထည်ဖော်မှု ခိုင်မြဲစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အောင်မြင်မှုများ အသွင်ကူးပြောင်းခြင်းတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အရည်အချင်းရှိသော ဖလှယ်မှုများ မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ အခြားနိုင်ငံတွင် စီးပွားရေးလုပ်ငန်း စတင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် နည်းပညာမြင့် ကုမ္ပဏီနှင့် အင်တာနက်ကုမ္ပဏီများကို အားပေးသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ၊ ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံ့စီးပွားရေးနှင့် ပြည်သူမျာ၏ ဘဝများအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် သိပ္ပံနှင့် နည်းပညာ ထောက်ပံ့မှု ပေးအပ်သွားမည် ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။ 

စတုတ္ထအချက်မှာမူ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်သင့်သည်ဟု ဝမ်ကဆိုသည်။ 

ယခုနှစ်သည် ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်းနှင့် ကုလသမဂ္ဂတည်ထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံစုံပါဝင်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုတို့အကြား ရွေးချယ်မှုပြုလုပ်ရန် လိုအပ်သည့် သမိုင်းဝင်စမ်းသပ်မှုတစ်ရပ်နှင့် ကြုံတွေ့လျက်ရှိကြောင်း ဝမ်က ဖြည့်စွက်ပြောခဲ့သည်။  (Xinhua)