Connect with us

WORLD

ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ ပထမအသုတ် ကမ္ဘာလှည့်ခရီးသွားများ အားလုံးတွင် COVID-19 ရောဂါမတွေ့ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လေးမျက်နှာဘုရား (Erawan Shrine) တွင် မျက်နှာအကာတပ်ဆင်ကာ ဖျော်ဖြေနေသည့် ကချေသည်များကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားချိန်မှစ၍ ပထမဆုံးရောက်ရှိလာသော ကမ္ဘာလှည့်ခရီးသွားများတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

အထူးခရီးသွားဗီဇာဖြင့် ရောက်ရှိလာခဲ့သည့် တရုတ်နိုင်ငံမှ ခရီးသွား ၃၉ ဦး ရောက်ရှိလာချိန်တွင် လုပ်ဆောင်ခဲ့သော ပထမဆုံး COVID-19 စစ်ဆေးမှုရလဒ်များတွင် ရောဂါပိုးမတွေ့ရှိကြောင်း အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး Phiphat Ratchakitprakarn က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ နောက်ထပ်ခရီးသွားအဖွဲ့ နှစ်ဖွဲ့သည်လည်း အောက်တိုဘာ ၂၆ နှင့် ၂၈ ရက်များတွင် ရောက်ရှိလာရန် စီစဉ်ထားကြောင်း ဝန်ကြီးက ပြောသည်။

စကင်ဒီနေးဗီးယား ခရီးသွားများသည် အိမ်ပြန်ချိန်တွင် ကြမ်းတမ်းသည့်ဆောင်းကို ရှောင်လွှဲရန် နိုဝင်ဘာလ၌ ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်လျှောက်ထားလျက်ရှိကြောင်း Phipat က ဆိုသည်။

ယခုအချိန်အတွက်မူ ထိုင်းနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအန္တရာယ်နည်းပါးသော နိုင်ငံများမှ ခရီးသွားများကိုသာ ဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း Phiphat က ပြောခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ဒုတိယလှိုင်းကူးစက်မှု မတွေ့ကြုံရစေရန် အထူးသတိပြုနေကြောင်း ၎င်းက ဆိုသည်။

ဥရောပရှိ နိုင်ငံများစွာတွင် နောက်ထပ် ကူးစက်မှုများတစ်ရှိန်ထိုးတက်မှုကို တွေကြုံနေရကြောင်းနှင့် ကူးစက်မှုနှုန်းမြင့်မားနေသည့် နိုင်ငံများအတွက် နယ်စပ်များဖွင့်လှစ်ရန်အတွက်မူ လက်ရှိတွင်ခက်ခဲမည်ဟု ဝန်ကြီးက ပြောခဲ့သည်။

COVID-19 ရောဂါပိုး မတွေ့ရှိသော တရုတ်ကမ္ဘာလှည့်ခရီးသွား အသုတ်အနည်းငယ်အနေဖြင့် ၁၄ ရက် အသွားအလာကန့်သတ် စောင့်ကြည့်နေထိုင်ရမည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ၎င်းအနေဖြင့် ကွာရန်တင်းကာလကို ၁၄ ရက်မှ ၁၀ ရက်အထိ လျှော့ချခြင်းကဲ့သို့ အသွားအလာကန့်သတ်စောင့်ကြည့်မှုစည်းမျဉ်းများကို ဖြေလျှော့ရန် COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) နှင့် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း Phiphat က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတွေအနေနဲ့ ရက်ပေါင်း ၃၀ ကျော် ရောဂါကူးစက်မှုအသစ်မရှိတဲ့ ကူးစက်မှုအန္တရာယ် နည်းပါးတဲ့မြို့တွေက ခရီးသွားဧည့်သည်တွေကို ခွင့်ပြုသွားမှာဖြစ်ပါတယ်” ဟု Phiphat ကအတည်ပြုပြောကြားခဲ့သည်။

ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းတွင် ဝင်ငွေ အလွန်အမင်းလျော့ကျခဲ့ကြောင်း ဖော်ပြထားသည့်အစီရင်ခံစာကို အစောပိုင်းက ထုတ်ပြန်ခဲ့သည်။

ခရီးသွားလုပ်ငန်းအနေဖြင့် ပထမကိုးလတွင် ဘတ် ၆၅၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀.၉ ဘီလီယံ) ဝင်ငွေရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ၇၀.၆ ရာခိုင်နှုန်း သို့မဟုတ် ဘတ် ၁.၅၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၀.၁ ဘီလီယံ) ကျဆင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.