Connect with us

Myanmar

မြန်မာနိုင်ငံက အာဆီယံထိပ်သီးအစည်းအဝေး မတက်ရောက်ခြင်းသည် သပိတ်မှောက်ခြင်းမဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ရရှိသင့်သည့် အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်ဟု ထုတ်ပြန်

(၃၈)ကြိမ် နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ၎င်း၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက် နိုင်ခဲ့ခြင်းမှာ အာဆီယံကို သပိတ်မှောက်နေခြင်းမဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ရရှိသင့်သည့် အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၂၆ ရက်)တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင်
အာဆီယံအား မကျေနပ်မှုကို ပြသလိုသော သဘောဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အပြင်၊ အာဆီယံကို သပိတ်မှောက်နေခြင်းလည်း မဟုတ်ကြောင်း၊ အာဆီယံ ပဋိညာဉ်စာတမ်းပါ မူများ၊ အစဉ်အလာများနှင့်အညီ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ရရှိသင့်သည့် အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ညှိနှိုင်းဆောင်ရွက်လိုသည့် သဘောထားကို ပြသခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့သို့ ဝင်ရောက်ပြီးသည့်အချိန်မှစ၍ အာဆီယံပဋိညာဉ် စာတမ်းပါ မူ နှင့်လုပ်ထုံးလုပ်နည်းများကို လေးစား၊ လိုက်နာခဲ့ပြီး အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် အပြုသဘော ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှ (၂၈) ရက် နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးများနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ပါရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံ၏ ဖိတ်ကြားစာကို မြန်မာဘက်က လက်ခံရရှိခဲ့ကြောင်း၊ အစည်းအဝေးတက်မည့် မြန်မာကိုယ်စားလှယ်၏ အဆင့်ကိုနှိမ့်၍ ဖိတ်ကြားခြင်းနှင့် မိန့်ခွန်းပြောခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အကန့်အသတ်ထားခြင်း တို့သည် အာဆီယံ ပဋိညာဉ်စာတမ်းပါ မူ၊ လုပ်ထုံးလုပ်နည်းနှင့် အာဆီယံ၏ ထုံးတမ်းအစဉ်အလာတို့နှင့် ကွဲလွဲ နေပြီးကြောင်း၊အထူးသဖြင့် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၂ ပါ “အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူ ရည်တူရှိမှု၊ နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာရန်” နှင့် အပိုဒ်-၅ တွင်ပါရှိသည့် “အဖွဲ့ဝင် နိုင်ငံများသည် တူညီသည့်အခွင့်အရေးနှင့်တာဝန်များရှိရမည်” ဆိုသည့် ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက် ဖော်ပြထားသည်။

သို့ပါ၍ အဆိုပါ အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေး များသို့ မြန်မာနိုင်ငံက နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့ အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က ပါဝင်တက်ရောက်နိုင်ရေးကိုသာ လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဘက်သို့ အောက်တိုဘာ ၂၅ ရက်က အကြောင်းပြန်ကြားခဲ့သည်ဟု ဖြည့်စွက် ဖော်ပြထားသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.