Agriculture
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် သီးနှံကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတိပေးနှိုးဆော်ချက် စိုက်ပျိုးရေးဦးစီးဌာန ထုတ်ပြန်
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးများ ဆက်တိုက် ရွာသွန်းလျက် ရှိသည့်အတွက် သီးနှံကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတိပေးနှိုးဆော်ချက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ က ထုတ်ပြန်လိုက်သည်။
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စိုက်ပျိုးသီးနှံများ (စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်၊ ကြက်သွန်နီ၊ ငရုတ်) စသောသီးနှံ များ၏ စိုက်ခင်းနှင့် ပျိုးခင်းများတွင် ရာသီဥတုစိုစွတ်ခြင်းကြောင့် စိုက်ပျိုးသီးနှံ များတွင် မှိုရောဂါများ (ပိုးပင်နာကျ၊ ခါးရိရောဂါများ၊ မှိုသီး၊ သံချေးနှင့် မြစ်ဆွေး မြစ်ခြောက်များ၊ နှောင်းပင်နာကျနှင့် ရွက်ခြောက်များ)နှင့် အခြားရောဂါများ (ဘက်တီးရီးယားရွက်စင်းနှင့်ရွက်ခြောက်၊ ပင်ခြေပုပ်၊ ဘက်တီးရီးယားပင်ညှိုး)၊ အင်းဆက်ပိုးများအနေဖြင့် စုပ်စားပိုးများ (ဖြုတ်ညို၊ ပျ၊ လှေး၊ နှံစုပ်ဂျပိုး၊ မီလီ ဂျပိုး ၊ ယင်ဖြူ)နှင့် ခူမွှေးရှည်များ ကျရောက်တတ်ကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် စိုက်ခင်းအတွင်းရေဝပ်ပါက ရေထုတ်နိုင်ရန် ဆောင်ရွက်ရန်၊ပျိုးပေါင်နှင့် စိုက်ပေါင်များအား ရေမဝပ်စေရန် မြှင့်တင်ပေးရန်၊ကန်သင်းနှင့်ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို ရှင်းလင်းရန်၊ ရောဂါရပင်ကြွင်းပင်ကျန်များကို ဖယ်ရှားပြီး မီးရှို့ဖျက်ဆီးရန်၊အခြေအနေပေးပါက မီးခိုးမှိုင်းတိုက်ရန်၊ ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရန်အတွက် ပိုတက်ရှ် ဓာတ်မြေဩဇာကို ထည့်သွင်းအသုံးပြုရန်၊ သီးနှံကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဖြန့်ဝေထားသော မိုဘိုင်း အပလီကေးရှင်းတွင် ကြည့်ရှု၍ တရားဝင်မှတ်ပုံတင်ထားသော ပိုးသတ်ဆေးများကို အသုံးပြုပက်ဖျန်းနိုင်ရန်၊ လိုအပ်ပါက ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ဆက်သွယ်အကြံဉာဏ်တောင်းယူ နိုင်ရန် သီးနှံကာကွယ်ရေးဆိုင်ရာ ကြိုတင်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သတိပေးနှိုးဆော်ချက်အား စိုက်ပျိုးရေးဦးစီးဌာန က ထုတ်ပြန်ခဲ့သည်။ (Xinhua)