Culture & Entertainment
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ရှေးဟောင်း အဆောက်အအုံပေါင်း ၃၈၂၂ ခု ရှိ

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများ၏ စုစုပေါင်းအရေအတွက်မှာ ၃၈၂၂ ခု ဖြစ်ကြောင်း ၊အဆိုပါ စာရင်းသည် ရှေးဟောင်း သုတေသန၊အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဗိသုကာအသင်းတို့က ကောက်ယူထားသော ဘုရားအရေ အတွက်ပြစာရင်းဖြစ်ကြောင်း မြန်မာနိုင်ငံဗိသုကာအသင်း၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
မြန်မာနိုင်ငံဗိသုကာအသင်းအနေဖြင့် ပုဂံဒေသ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ စာရင်းကောက်ယူ ခြင်းကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က ပုဂံဒေသတွင် ငလျင် လှုပ်ခတ်ပြီး မကြာခင်အချိန်တွင် စတင်ကောက်ယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ရှေးဟောင်းယဉ်ကျေးမှု တန်ဖိုးအလွန်မြင့်မားသော ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဒေသကိုUNESCO ၏ ထောက်ပံ့မှု ဖြင့် ၁၉၈၂ မှ ၁၉၉၁ ခုနှစ်အတွင်း ပြင်သစ်လူမျိုးဗိသုကာပညာရှင် Pierre Pichard က စာရင်းကောက်ယူခဲ့ရာရှေးဟောင်း အမွေအနှစ်အဆောက်အအုံ စုစုပေါင်း ၂၈၃၄ ခု ကောက်ယူ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဗိသုကာအသင်းမှ စစ်တမ်းကောက်ယူခဲ့သော ရှေးဟောင်း အဆောက်အအုံအရေအတွက်မှာ ၃၆၉၉ ခု ဖြစ်ပြီး အသင်း၏စစ်တမ်းတွင် မပါဝင်သည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ စစ်တမ်းကောက်ယူခဲ့သော ရှေးဟောင်းအဆောက်အုံများ၏ အရေအတွက်မှာ ၁၂၃ ခု ဖြစ် ကြောင်း သိရသည်။ ယခင်မှတ်တမ်းပါ အဆောက်အအုံ အမှတ်အတိုင်း ကျန်ရှိနေသော ရှေးဟောင်းအဆောက်အအုံ အရေအတွက်မှာ ၂၇၃ဝ ဖြစ်ပြီး နံပါတ်ပြောင်းရှေးဟောင်း အဆောက်အအုံအရေအတွက်မှာ ၁ဝ၄ ခု ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ အဆိုပါစစ်တမ်းကောက်ယူမှုတွင် ထူးခြားဖြစ်စဉ်များ အနေဖြင့် လုံးဝပျောက် ကွယ်သွားသည့် ရှေးဟောင်းအဆောက် အအုံအရေအတွက် ၄၃ ခု၊ ချုံများဖြင့်ဖုံးနေသည့် ရှေးဟောင်း အဆောက်အအုံအရေအတွက် ၃၉၄ ခု၊ ယခင် ကုန်းဟောင်းများ ပေါ်တွင် အသစ်ပြန်လည်တည်ဆောက်ထားသော ရှေးဟောင်း အဆောက်အအုံအရေအတွက် မှာ ၄၆၂ ခုနှင့် နံပါတ်ပြောင်း ရှေးဟောင်းအဆောက်အအုံအရေအတွက်မှာ ၁ဝ၄ ခု ဖြစ်ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသနှင့် ပတ်သက်၍ မြန်မာ ဘုရင်များ လက်ထက်ကပင် စာရင်းကောက်ယူမှုများရှိခဲ့ရာ ၁၅ ရာစု အင်းဝခေတ် မိုးညှင်းမင်းတရားလက်ထက်တွင် ၄ဝဝဝ ကောက်ယူရရှိခဲ့ပြီး ၁၉ဝ၁-၁၉ဝ၂ တော်စိန်ခို-ဦးဖေ ကောက်ယူ ခဲ့သောစာရင်းမှာ ၂၁၇၁ ခု၊ ၁၉၉၁ ခုနှစ် မတိုင်မီ ရှေးဟောင်း သုတေသနဦးစီးဌာနက ကောက်ယူခဲ့သောစာရင်းမှာ ၂၂၁၇ ခု ဖြစ်ပြီး (၁၉၈၂-၁၉၉၁) ယူနက်စကိုကောက်ယူခဲ့သောစာရင်းမှာ ၂၈၃၄ ခု၊ ၁၉၉၆ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနမှ ကောက်ယူခဲ့သောစာရင်းမှာ ၃၁၂၂ ခုဟု သိရသည်။ လက်ရှိ ၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံဗိသုကာ အသင်းနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပေါင်းစပ်ထား သော စာရင်းမှာ ၃၈၂၂ ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)