Education & Health
အပူချိန်ပြင်းထန်လွန်ကဲမှုကြောင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြားရန်ထုတ်ပြန်
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)
အပူချိန်ပြင်းထန်လွန်ကဲမှုကြောင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြားပူးပေါင်းဆောင်ရွက် ရန် အသိပေးနှိုးဆော်ချက် ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။
တိရစ္ဆာန်များအား အပူချိန်မြင့်သောအချိန် တွင် အရိပ်ရှိသောနေရာများ ၌ ထားရှိရန် နှင့် အပူချိန်ပြင်းထန်မှုနည်းပါးသော နံနက် နှင့် ညနေမှသာ လွှတ်ကျောင်းခြင်းပြုရန်၊ မွေးမြူထားသော တိရစ္ဆာန်များ အတွက် သောက်သုံးရေများလုံလောက်စွာရရှိရေး ကြိုတင်စုဆောင်းရန် နှင့် လေလွင့်ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ထားရန် အသိပေးနှိုးဆော်ချက်တွင် ပါရှိသည်။
ထို့ပြင် ပူပြင်းသောဒဏ် ကိုကာကွယ်ရန်အတွက် ရေဓာတ်ပါသော အစားအစာများကို ဖြည့်စွက်ကျွေးမွေးရန်၊ တိရစ္ဆာန်များရွှေ့ပြောင်းရန် လိုအပ်ပါ သောက်သုံးရေ ရရှိနှိုင်ပြီး အပူဒဏ်မှ ကာကွယ်နိုင်သော နေရာများစီစဉ်ထားရန်၊ တိရစ္ဆာန်အစာများဖြစ်သည့် ကောက်ရိုး၊ မြက်စို၊ မြက်နုများ စနစ်တကျကြိုတင်စုဆောင်းထားရန်၊ တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားကျရောက်စေခြင်းမရှိစေရန် အတွက် ကာကွယ်ဆေးများပုံမှန်ထိုးနှံထားရန်၊ တိရစ္ဆာန် မွေးမြူထားရှိသောခြံ နှင့် အစာသိုလှောင်ထားသော နေရာများတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အတွက် မီးချိတ်၊ မီးကပ်၊ သဲ နှင့် ရေပုံးများ ထားရှိရန် အသိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)