Education & Health
ကျောင်းဆရာ ဆရာမများ လစာတိုးရန် စီစဉ်နေပြီဟု ဆို

နေပြည်တော်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ပညာရေး ဝန်ကြီးဌာန ဝန်ထမ်းများအနက် သင်ကြားရေး ဆိုင်ရာ ဆရာ ဆရာမများအား လစာတိုးပေးရန် စီစဉ်နေပြီဟု ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက နေပြည်တော် ပြန်ကြားရေးဝန်ကြီးရုံး၌ ယနေ့ နေ့လယ် ပြုလုပ်ခဲ့သော သတင်းစာရှင်းပွဲတွင် ပညာရေး ဝန်ကြီးဌာန ကိုယ်စား ပြောခဲ့သည်။
“ရရှိနိုင်တဲ့ ဝင်ငွေအပေါ်မှာ မူတည်ပြီး တိုးပေးဖို့စီစဉ်နေပါတယ်။ ကျွန်တော် တို့ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှာ ဝင်ငွေ ၁၀၀ ဝင်ရင် ၈၅ ရာခိုင်နှုန်းကို အခြေခံပညာ မှာ ရှိနေတဲ့ ဆရာဆရာမ လစာအတွက် သုံးပါတယ်။ ကျွန်တော်တို့ဌာနမှာ ဆရာ ဆရာမက သုံးသိန်း ခုနစ်သောင်းကျော်ရှိပါတယ်။ တိုးပေးလိုက်ရင် လိုအပ်လာမယ့် ငွေကြေးပမာဏက အတော်ကို ကြီးမားပါတယ်။ အဲဒီအတွက် ကျွန်တော်တို့အစီအစဉ်လေး တွေ လုပ်နေပါပြီ။ တိုးပေးဖို့လုပ်နေပါပြီ။ ရက်ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ ဘယ်လောက်တိုးပေးမလဲဆိုတာက ဘယ်လောက်ရမလဲဆိုတော့ အပေါ်မှာပဲ မူတည်ပါတယ်။”ဟု ၎င်းက ပြောသည်။ (Xinhua)