Education & Health
ဒေါ်အောင်ဆန်းစုကြည် မျက်စိ နောက်ဆုံးအကြိမ် စစ်ဆေးမှု ရလဒ်ကောင်းသည်ဟု ဆို
နေပြည်တော်၊ ဇွန် ၈ ရက် (ဆင်ဟွာ)
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မျက်စိ ခွဲစိတ် ကုသထားမှုကို နောက်ဆုံးစစ်ဆေးမှု အဖြစ် နေပြည်တော် ဥတ္တရသီရိ မြို့နယ် မျက်စိ နား နှာခေါင်း အထူးကုဆေးရုံတွင် ယနေ့ညနေပိုင်း၌ ပြုလုပ်ခဲ့ရာ ရလဒ် ကောင်းမွန် သည်ဟု သက်ဆိုင်ရာ ဆရာဝန်ကြီးက ပြောသည်။
“ဒါ final check လုပ်တာပါ။ ခွဲစိတ်ပြီး တစ်လနေပြီး ပြန်လာစစ်တာပါ။ အကုန်ကောင်းပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်အား မျက်စိ စစ်ဆေးပေးသည့် ပါမောက္ခ ဒေါက်တာ ခင်ဥမ္မာခိုင်က ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြီးခဲ့သည့် ဧပြီလ ၉ ရက်တွင် ၎င်း၏ ယာဘက် မျက်စိအား ခွဲစိတ် ကုသမှုခံယူခဲ့သည်။ ထို့နောက် ဧပြီလ ၁၆ ရက်တွင် ဝဲဘက် မျက်စိကို ခွဲစိပ် ကုသခဲ့ကာ ဧပြီလ ၂၇ ရက်၌ ယခု ဆေးရုံမှာပင် ပထမအကြိမ် စမ်းသပ် စစ်ဆေးမှု ခံယူခဲ့ကာ ယနေ့ညနေပိုင်းတွင် ဒုတိယနှင့် နောက်ဆုံး အကြိမ်အဖြစ် စမ်းသပ်စစ်ဆေးမှု ခံယူခဲ့ခြင်း ဖြစ်သည်။
ယနေ့မျက်စိ စမ်းသပ် စစ်ဆေးရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနှင့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးဝင်းထိန်တို့လည်း အတူလိုက်ပါခဲ့ကြသည်။ (Xinhua)