Connect with us

Education & Health

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး စင်ကာပူ-မြန်မာ သက်မွေးပညာ သင်ကျောင်း ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက် ချီးမြှင့်မည်

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်သည့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးသည် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်၌ စင်ကာပူ အစိုးရနှင့် မြန်မာ အစိုးရတို့ ပူးပေါင်း ဖွင့်လှစ်သည့် စင်ကာပူ-မြန်မာ သက်မွေးပညာ သင်ကျောင်း (Singapore- Myanmar Vocational Training Institute-SMVTI) ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက် ချီးမြှင့်မည် ဖြစ်သည်။

စင်ကာပူ-မြန်မာ သက်မွေးပညာ သင်ကျောင်း၌ နိုင်ငံတကာ အဆင့်မီ သက်မွေး ပညာရပ်များ ဖြစ်ကြသည့် Front Office Operations ၊ Housekeeping Operations ၊ Restaurant Operations ၊ Retail Operations ၊ Electronics (Computer Networking) ၊ Electrical Technology (Electrical Appliances and Special Installations) ၊ General Welding ၊ Mechatronics (Basic Services) ၊ Residential Air Conditioning၊ Building Fixtures and Equipment စသည့် သင်တန်းများ ဖွင့်လှစ် ထားကြောင်း သိရသည်။
အဆိုပါ သင်တန်းကျောင်းကို သက်မွေး ပညာရပ်ဆိုင်ရာ လုပ်ငန်း နယ်ပယ်များ၌ လိုအပ်လျက် ရှိသည့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေး နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ လူငယ်လူရွယ် များအား လေ့ကျင့် သင်ကြား ပေးနိုင်ရန်နှင့် အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ လုပ်ငန်းကဏ္ဍ များ၏ အရည်အသွေး နှင့် စွမ်းဆောင်ရည်များ တိုးမြှင့်နိုင်ရန်၊ အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ ဆရာ၊ ဆရာမများအား လေ့ကျင့်သင်ကြား ပေးနိုင်ရန်နှင့် နိုင်ငံတကာ ဈေးကွက်နှင့် ယှဉ်ပြိုင် လာနိုင်မည့် သက်မွေး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်လုပ်သား လိုအပ်ချက် များကို ဖြည့်ဆည်းပေး နိုင်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်က စတင်ဖွင့်လှစ် သင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းခွင် အခြေအနေ အတိုင်း ဖန်တီးသင်ကြား ပေးသော လက်တွေ့ ဦးစားပေး အချိန်ပြည့် သင်တန်းများ ဖြစ်ပြီး သင်တန်း ကာလမှာ ခြောက်လ ကြာမြင့်ကာ တန်းခွဲ တစ်ခုလျှင် ကျောင်းသား ဦးရေ ၄ဝ ဖြင့် စုစုပေါင်း ကျောင်းသား ဦးရေ ၄ဝဝ တက်ရောက် နိုင်ကာ တစ်နှစ်လျှင် ကျောင်းသား ဦးရေ ၈ဝဝ သင်ယူနိုင်သည်။ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး ၍ အသက် ၁၆ နှစ်ပြည့်ပြီး သော သက်မွေးပညာ သင်ကြား လိုသူများ တက်ရောက် နိုင်ပြီး သင်တန်းပြီးဆုံး အောင်မြင် ပါက သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အသိအမှတ် ပြုသည့် သက်မွေးပညာ ကျွမ်းကျင် လက်မှတ် (SMVTI Certificate of Compentency) ရရှိမည် ဖြစ်သည်။ လက်ရှိတွင် သင်တန်းများ ဖွင့်လှစ်သင်ကြား လျက်ရှိသော်လည်း မြန်မာ-စင်ကာပူ နှစ်နိုင်ငံ သံတမန် ဆက်သွယ်မှု နှစ် (၅ဝ) ပြည့် အထိမ်းအမှတ် အဖြစ် အဆိုပါ ကျောင်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ရန် မူလ အစီအစဉ်တွင် လျာထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မြဝတီ သတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.