Education & Health
မြဝတီနယ်စပ်မြို့ တွင် ကြက်ပေါက်များတင်သွင်းမှု သြဂုတ် ၃ ရက်မှ စတင်ရပ်ဆိုင်းမည်
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့၌ တရားဝင်ကြက်ပေါက်များ တင်သွင်းမှုကို သြဂုတ် ၃ ရက်မှစတင် ရပ်ဆိုင်းသွားမည်ဖြစ်ပြီး တရားမဝင်တင်သွင်းမှုများကို ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကြက်ငှက်တုပ်ကွေးရောဂါမဖြစ်ခင်ကတည်းက ကြက်ပေါက်များကို ပြည်တွင်းတွင် ရှိသည့် မွေးမြူရေးလုပ်ငန်းများအတွက် တရားဝင်ခွင့်ပြု၍ တင်သွင်းနေမှုများရှိကြောင်း၊ ထိုကဲ့သို့ တင်သွင်းနေသည့် ကုမ္ပဏီများ နှင့်လည်းချိတ်ဆက်ထားကြောင်း၊ ယနေ့ သြဂုတ်လ ၂ ရက် နေ့အထိ တင်သွင်းပြီးပါက သြဂုတ် လ ၃ ရက်နေ့မှစပြီး တရားဝင်တင်သွင်းမှုအားရပ်ဆိုင်းသွားတော့မည်ဖြစ်ကြောင်း၊ ယခု ထိုင်းက တင်သွင်းလာသည်များမှာလည်း တိရစ္ဆာန် ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ်ပါကြောင်း၊ တင်သွင်းသည့် ကြက်ပေါက်များအား Rapid Test Kit (ရောဂါရှိမရှိ အမြန်စမ်းသပ်ကိရိယာ) နှင့် စမ်းသပ်စစ်ဆေး၍ အဖြေ negative ဖြစ်မှ အဝင်ခံ ခြင်းဖြစ်ကြောင်း သိရသည်။
တရားမဝင်တင်သွင်းနေသည့် အေးခဲကြက်သား၊ ကြက်အရှင်သွားနေသည့် ကိစ္စများ နှင့် ပတ်သက်၍ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူ ကိုင်တွယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)