Connect with us

Education & Health

ရာသီတုပ်ကွေးရောဂါဖြင့် လူနာ ၉၉ဦးရှိပြီး ၁၃ဦးသေဆုံး

ရာသီ တုပ်ကွေး ရောဂါပိုးကြောင့် နှာခေါင်းစည်း အုပ်၍ သွားလာနေသည့် ရန်ကုန်မြို့နေ ပြည်သူလူထုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်။ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ရာသီ တုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 positive လူနာသည် ယနေ့ သြဂုတ် ၂ရက်နေ့ထိ ၉၉ဦးရှိပြီး သေဆုံးသူ ၁၃ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင် ၂၁ ရက်နေ့မှ သြဂုတ် ၂ရက်နေ့ထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူစုစုပေါင်းလူနာ (၂၈၄) ဦးရှိခဲ့ပြီး ၎င်းတို့အနက် Seasonal Influenza A(H1N1)pdm09 positive လူနာစုစုပေါင်း (၉၉) ဦးရှိကြောင်း။ယင်း လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်သူများတွင်သေဆုံးသူ၁၃ ဦးရှိပြီဖြစ်ရာ သေဆုံးမှုနှုန်းမှာ (၄.၅) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Seasonal Influenza A(H1N1)pdm09 ဓာတ်ခွဲအတည်ပြုထားပြီး ဆေးရုံတက်ရောက်သော လူနာစာရင်းအရ သြဂုတ် ၂ရက်နေ့ထိ အထူးကု ဆေးရုံကြီး (ဝေဘာဂီ) တွင် လူနာ (၁၉) ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် (၄) ဦး စုစု ပေါင်းလူနာ (၂၃) ဦးတက်ရောက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံသို့ ပေးပို့စစ်ဆေးထားသော အဖြေများအရ ရာသီတုပ်ကွေးရောဂါပိုး Seasonal Influenza A(H1N1)pdm09 သည် ပုံမှန်အသုံးပြုနေကျ Antiviral ဆေးဖြင့် ကုသပါက Sensitivity (၉၅) ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိ ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)