Education & Health
ဝေးလံသော ဒေသများ၌ ဒေသခံ လူငယ်လူရွယ်များ မိမိတို့ကိုယ်တိုင် ပညာဆည်းပူးနိုင်ရန် ဆောင်ရွက်မည်

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
ပြည်တွင်းရှိ ဝေးလံသော ဒေသများ၌ ဒေသခံလူငယ်လူရွယ်များ အနေဖြင့် မိမိတို့ကိုယ်တိုင် ပညာဆည်းပူး လေ့လာနိုင်မည့် Self-Study စနစ် ဖော်ဆောင်နိုင်စေရန် Myanmar Mobile Education (myME) စီမံကိန်းအဖွဲ့က စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Myanmar Mobile Education(myME) အနေဖြင့် နိုင်ငံတကာတွင် သင်ကြားလျက်ရှိသော အွန်လိုင်း သင်ကြားရေး စနစ်များကို အခြေခံကာ မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိစေရန် စီစဉ်ရေးဆွဲထားသည့် Software များနှင့် Application များကို my ME Boxဟု အမည်ပေးထားသော စက်ကိရိယာများတွင် ထည့်သွင်းကာ ကျေးလက်ဒေသများ၌ ထားရှိပေးရန် စီစဉ်နေခြင်းဖြစ်သည်။
အခြေခံပညာ မူလတန်းမှစ၍ အထက်တန်းအဆင့်အထိ သာမက ကျောင်းပြင်ပ ပညာရေးများကို ဒေသခံ လူငယ် လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်စေရန် မြန်မာစာအုပ်ပေါင်း ၇ဝဝဝ ကျော်နှင့် အင်္ဂလိပ် စာအုပ်ပေါင်း များစွာကို အဆိုပါ myME Box ၌ ထည့်သွင်းပေးထားမည်ဖြစ်သည်။
ယင်းစာအုပ်များကို ဖတ်ရှုနိုင်စေရန် myME Box မှ Wi-Fi ဖြင့် လွှင့်ပေးထားပြီး ထိုစက်များထဲမှ အကြောင်းအရာများကို ဖုန်း၊ တက်ဘလက်နှင့်ကွန်ပျူတာ စသည်တို့ဖြင့် အလွယ်တကူ ဖမ်းယူကြည့်ရှုခြင်းနှင့် ကူးယူခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံတစ်ဝန်းရှိ နေရာ ၁၅ နေရာမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၃ဝဝဝ နီးပါးအထိ myME Box မှတစ်ဆင့် ပညာဆည်းပူး လေ့လာနိုင်စေရန် ရည်မှန်းထားကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)