Connect with us

Education & Health

အဆင့်မြင့်ပညာဦးစီးဌာနရှိ ဆရာ ဆရာမနှင့် စီမံ ဝန်ထမ်းများအား အိမ်ခန်း ပေးမည်

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ရှိ ဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် တွဲဘက်ဌာနများရှိ ဆရာ၊ ဆရာမများ၊ စီမံဝန်ထမ်းများ အနက် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း မိမိကိုယ်ပိုင် အိမ် မရှိသူ၊ မိမိခင်ပွန်း၊ သို့မဟုတ် ဇနီးပိုင် အိမ် မရှိသူ၊ နိုင်ငံပိုင် အိမ်ခန်း ရယူထားခြင်း မရှိသူတို့ကို စိစစ်လျက် ပညာရေးဝန်ကြီးဌာနပိုင် အိမ်ခန်းများတွင် နေထိုင်ခွင့် ပြုမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“အိမ်ခန်းများ နေရာချထားခြင်းကို အဆင့်မြင့် ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌ အဖြစ် ပါဝင်သော တက္ကသိုလ် အရာထမ်း၊ အမှုထမ်း အိမ်နေရာ ချထားရေး ကော်မတီက သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့် အညီ ရာထူး အဆင့်တူ အုပ်စုလိုက် ရွေးချယ်ရေး မူဘောင်နှင့် ညီညွတ်သူများကို အိမ်ခန်း နေရာချထားရန် ပဏာမ လျာထား သတ်မှတ်ထားပါတယ်” ဟုလည်း ဝန်ကြီးက ပြောသည်။
အဆိုပါ လျာထား အမည်စာရင်းများကို သက်ဆိုင်ရာ ကျောင်း၊ ဌာန အကြီးအကဲများက သတ်မှတ်ထားသည့် အိမ်ခန်း နေထိုင်သူများ လိုက်နာရမည့် စည်းကမ်းများကို လိုက်နာနိုင်မည့် သူများအား ထပ်မံ ရွေးချယ်ပြီး အိမ်ခန်းများ နေရာ ချထားပေးမည်ဟုလည်း ၎င်းက ရှင်းပြသည်။
နေအိမ်ခန်း လျာထားချက်များတွင် ရာထူး အဆင့်အတန်းများ အလိုက် ညွှန်ကြားရေးမှူးချုပ်နှင့် ပါမောက္ခချုပ်များ အတွက် ၁၀ ခန်း၊ ညွှန်ကြားရေးမှူးနှင့် ဌာနမှူးများ၊ ပါမောက္ခများအတွက် ၁၅၆ ခန်း၊ တွဲဘက် ပါမောက္ခ (ဝါရင့်)နှင့် ဒုတိယ ညွှန်ကြားရေးမှူး(ဝါရင့်) များ အတွက် ၁၇၈ ခန်း၊ တွဲဘက် ပါမောက္ခ၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ကထိကများအတွက် ၁,၄၃၀ ခန်း၊ လက်ထောက် ကထိက (ဝါရင့်) များ အတွက် ၈၄ ခန်း၊ လက်ထောက် ကထိကများ အတွက် ၁၁၂ ခန်း၊ နည်းပြနှင့် သရုပ်ပြ (ဝါရင့်) များ အတွက် ၄၂၀ ခန်း ဟူ၍ လျာထား ဆောက်လုပ်လျက် ရှိသည်ဟုလည်း ဒေါက်တာ မျိုးသိမ်းကြီးက လွှတ်တော်သို့ရှင်းပြသည်။
ပညာရေးဝန်ကြီး ဌာနသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ Myanmar Imperial Vega Co., Ltd. တို့နှင့် အကျိုးတူ စာချုပ်ချုပ်ဆိုပြီး ရန်ကုန်၊ လှိုင်မြို့နယ် မင်းဓမ္မလမ်းနှင့် ပါရမီလမ်းထောင့်တွင် မင်းဓမ္မ ဥယျာဉ် မြို့တော် စီမံကိန်း ဆောက်လုပ်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန အတွက် လူနေ အဆောက်အအုံ အလုံး သုံးဆယ်မှ အိမ်ခန်းပေါင်း ၂,၃၉၀ ခန်းနှင့် အခြား အဆောက်အအုံပေါင်း ၁၆ လုံးတို့ရရှိမည် ဖြစ်သည်။ လက်ရှိ အခြေအနေတွင် လူနေ အိမ်ခန်း ၂,၃၉၀ အနက် ၁၂၂ ခန်းသည် ရာနှုန်းပြည့် ပြီးစီးကာ ကျန်အခန်းတို့မှာ ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအတွင်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ပညာရေး ဝန်ကြီးဌာနပိုင် မြေ ၂၄ ဒသမ ၄၆ ဧက နှင့် Myanmar Imperial Vega Co., Ltd. ပိုင်မြေ ၂၄ ဒသမ ၄၅ ဧက ပေါ်တွင် ဆောက်လုပ်လျက် ရှိသည့် မင်းဓမ္မဥယျာဉ်မြို့တော် စီမံကိန်း လုပ်ငန်းအား ပြည်သူများ ပွင့်လင်း မြင်သာ သိရှိစေရေးနှင့် နေအိမ်ခန်းများ နေထိုင်ခွင့်အပေါ် ပူပန်နေကြသည့် အဆင့်မြင့်ပညာ ဦးစီး ဌာနမှ ဆရာ ဆရာမများ၊ အရာထမ်း အမှုထမ်းများ အတွက် ဖြေကြားပေးရန် လှိုင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြည်သူ့လွှတ်တော်မှ တစ်ဆင့် မေးမြန်းထားခြင်းကို ပညာရေးဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.