Education & Health
သွားနှင့်ခံတွင်းပညာရပ်များအတွက် ခေတ်နှင့်အညီပြုပြင်မွမ်းမံရန် လိုဟုဆို
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
သွားနှင့်ခံတွင်းဆိုင်ရာပညာရပ်များအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်းများကို လက်ရှိအခြေအနေအချိန်အခါနှင့် ကိုက်ညီမှု ရှိ/မရှိ ပြန်လည်သုံးသပ်၍ ခေတ်နှင့်အညီပြုပြင်မွမ်းမံသွားရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
သွားနှင့်ခံတွင်းဆိုင်ရာကျန်းမာရေးကဏ္ဍ ယခုထက်ပိုမို ဖွံဖြိုးတိုးတက်ရေးအတွက် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များမှဘွဲ့ရရှိပြီး လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ရွက် နေသော သွားဘက်ဆိုင်ရာဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ယခုထက်ပိုမိုထိရောက်စွာ တိုးတက်ဆောင်ရွက်မှု များအပေါ်တွင် မူတည်နေကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန် အသင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်၍ သွားနှင့်ခံတွင်းဆိုင်ရာပြည်သူ့ကျန်းမာရေး ကဏ္ဍ ယခုထက်ပိုမိုမြင့်မားလာစေရေး ဆောင်ရွက်ရန် အထူးအရေးကြီးပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
Myanmar National Oral Health Survey တွင် တွေ့ရှိချက်များအပေါ်အခြေခံ၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် မဟာဗျူဟာနှင့်လုပ်ငန်းစဉ်များ ချမှတ်သွားရန် လိုအပ်ကြောင်း၊
မြန်မာနိုင်ငံတွင်သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးခြင်းကို ပုံမှန်စစ်ဆေးသည့်အကျင့် နည်းပါး၍ ကျောင်းသားများအပါအဝင်ပြည်သူများကို (၆)လလျှင်တစ်ကြိမ်ခန့် စစ်ဆေးပေးနိုင် ရန်အတွက် မည်သို့ဆောင်ရွက်နိုင်မည်ကို စဉ်းစားကြစေလိုပါကြောင်း ၎င်းက ဆိုသည်။(Xinhua)