Connect with us

Education & Health

၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သြဂုတ် ၉ ရက်နံနက်တွင် ပညာရေးဝန်ကြီးဌာန ၏ ဝက်ဆိုက်များမှ စတင်အသိပေးထုတ်ပြန်မည်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြည့်ရှုသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန၏ ဝက်ဆိုက်များဖြစ်သော www.moe.gov.mm နှင့် www.myanmarexam.org တို့တွင် သြဂုတ် ၉ ရက် နံနက် (၀၀း၃၀)နာရီ မှ စတင်အသိပေးထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ဆင်ဟွာသို့ သြဂုတ် ၄ ရက်တွင်ပြောကြားသည်။ 

ဦးကိုလေးဝင်းက “COVID-19 ရောဂါဖြစ်ပွားတဲ့ကာလ မို့လို့ ကျွန်တော်တို့ အခုလိုဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။  ကျွန်တော်တို့ အရင်နှစ်တွေလိုမျိုး စာစစ်ဌာနတွေနဲ့ အခြေခံပညာအထက်တန်းကျောင်း တွေ မှာ အောင်စာရင်းကို လုံးဝကပ်ထားမှာမဟုတ်ပါဘူး’’ ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲများအား ဝက်ဆိုက်မှ အသိပေးထုတ်ပြန်ကြေညာသည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများ နှင့် အင်တာနက်အဆက်အသွယ်မရရှိသောစာစစ်ဌာနများ ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ် နှင့် Sky Net ပညာရေးချန်နယ် တို့မှ အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်စာရင်းထွက်ပြီးနောက်တစ်နေ့  သြဂုတ် ၁၀ ရက်တွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေး လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ နှင့် အညီ သက်ဆိုင်ရာစာစစ်ဌာန ၏ အောင်စာရင်းများ ကို ကျောင်းအုပ်ကြီး နှင့် တာဝန်ကျ ဆရာ/ဆရာမ များ ၏ ကြီးကြပ်မှုဖြင့် နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ တစ်ဦး နှင့် တစ်ဦး (Physical Distancing) အနည်းဆုံး ၆ ပေကွာခြား၍ ကြည့်ရှုနိုင်ရန်စီစဉ်ထားမည်ဖြစ်ကြောင်း သိရသည်။

“ကျောင်းဝင်းအတွင်းကို ဝင်တဲ့အခါ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ရဲ့ ညွှန်ကြားချက်တွေ နဲ့ အညီ တိတိကျကျလိုက်နာဆောင်ရွက်ဖို့လိုပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက် ကူညီပေးစေချင်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အောင်စာရင်း ကြည့်ရှုသူများအနေဖြင့် နှာခေါင်းစည်း တပ်ဆင်လာရမည်ဖြစ်ကြောင်း၊ အသက်အရွယ်ကြီးရင့်သူ (အသက် ၆၀ နှင့်အထက်) ၊ နာတာရှည်ရောဂါရှိသူများ၊ နေမကောင်းသူများ၊ COVID-19 ရောဂါသံသယလက္ခဏာရှိသူများ နှင့် လွန်ခဲ့သည့် ၁၄ ရက်အတွင်း COVID-19 ရောဂါအတည်ပြုလူနာတစ်ဦးဦး နှင့် နီးကပ်စွာ ထိတွေ့ခဲ့မှု ရှိသူများ ကို အောင်စာရင်းကြည့်ရှုရန် ကျောင်းသို့လာရောက်ခွင့်မပြုကြောင်း ပညာရေးဝန်ကြီးဌာန ထံမှ သိရသည်။  (Xinhua)