Environment, Disasters & Accidents
ကချင်ပြည်နယ်၊ ဖားကန့် မြို့ ၌ နွံကန်ကျိုးပေါက်မှုတွင် ကုမ္ပဏီဝန်ထမ်းများပျောက်ဆုံးလျက်ရှိ
ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ ဖားကန့် မြို့ ၌ နွံကန်ကျိုးပေါက်မှုဖြစ်ပွားရာမှ ကုမ္ပဏီဝန်ထမ်းများနှင့် စက်ယန္တရားများပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ မော်ဝမ်းကလေးကျေးရွာ အနီး၌ ယမန်နေ့ည ၁၁ နာရီခွဲခန့်က ယူနတီကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်း နွံကန် ကျိုးပေါက်မှုဖြစ်ပွားခဲ့ရာ အဆိုပါနွံကန်အောက်ဘက်တွင် ကျောက်မျက် တူးဖော်ရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် မြန်မာသူရ ကုမ္ပဏီနှင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီတို့မှ ဝန်ထမ်းများနှင့် စက်ယန္တရားများ ရွှံ့များအတွင်းမျောပါနစ်မြုပ် ပျောက်ဆုံး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် မြန်မာသူရကုမ္ပဏီမှ ကုမ္ပဏီဝန်ထမ်း(၂၈)ဦး၊ ဘက်ဟိုး(၁၁)စီး၊ မြေသယ်ယာဉ် (၁၀)စီး၊ မြေတူးစက်(၅)စီးနှင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီမှ ကုမ္ပဏီဝန်ထမ်း(၂၆)ဦး၊ ဘက်ဟိုး (၅)စီး၊ မြေသယ်ယာဉ်(၉)စီးတို့သည် ရွှံ့နွံများအတွင်း နစ်မြုပ်ပျောက်ဆုံးခဲ့ပြီး အဆိုပါနေရာသို့ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းမှစတင်ကာ စက်ယန္တရားများဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းပြန်ကြားရေး ဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)