Environment, Disasters & Accidents
ဆိုင်ကလုန်းမုန်တိုင်း မိုရာဖြတ်ကျော်ဝင်ရောက်မှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီး တို့၌ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်
ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)
ဆိုင်ကလုန်းမုန်တိုင်း မိုရာ ဖြတ်ကျော်ဝင်ရောက်မှုကြောင့် ရခိုင်ပြည်နယ် ရှိ မြို့နယ် ၁၁ မြို့နယ် နှင့် ဧရာဝတီတိုင်းဒေသကြီး နှင့် ချင်းပြည်နယ် တို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောင်မင်္ဂလာရပ်ကွက်၊ ကုန်းတန်းရပ်ကွက်၊ မင်းဂံရပ်ကွက်၊ ရွှေပြားရပ်ကွက်၊ ရွာကြီးမြောက်ရပ်ကွက်တို့၌ နေအိမ်များ ပျက်စီးပြီး လွှတ်တော်ရုံး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်စုပေါင်းရုံး၊ ပြည်နယ်ကျေးလက်ဦးစီးဌာနရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန မှူးရုံး၊ ကျောက်တန်းကျန်းမာရေးဌာနတို့မှ အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ မောင်တောမြို့နယ်တို့တွင်လည်း သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ နေအိမ်များ၊ စာသင်ကျောင်းများ ပျက်စီးပြိုကျမှု ဖြစ်ပွားခဲ့သည့်အပြင် သောက်သုံးရေကန်များ ကျိုးပေါက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၌လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖျာပုံမြို့နယ်၊ ငပုတောမြို့နယ်တို့တွင်လည်း ဝန်ထမ်းအိမ်ရာများ၊ လူနေအိမ်ရာများ ပြိုကျပျက်စီးမှုရှိခဲ့ပြီး ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း နေအိမ်နှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးခဲ့ကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးမှုအခြေအနေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆက်လက်စိစစ်ဆဲဖြစ်ကြောင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)