Environment, Disasters & Accidents
နော်ဝေနိုင်ငံမှ အင်းလေးကန် ရေရှည် တည်တံ့စေရေး နည်းပညာ အကူအညီများ ပေးမည်
ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)
အင်းလေးကန် ရေရှည် တည်တံ့စေရေး အတွက် နည်းပညာ အကူညီများကို နော်ဝေနိုင်ငံမှ အကူအညီများ ပေးမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံရုံးမှ ဒုတိယ သံအမတ်ကြီး Ms. Carola Baller တို့ ယနေ့ တွေ့ဆုံစဉ် ပြောကြားသည်။
အဆိုပါ တွေ့ဆုံရာတွင် အင်းလေးကန် ပြန်လည် ထူထောင်ရေး၊ ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေး၊ ရေသယံဇာတ စီမံခန့်ခွဲရေး၊ ရေဝေရေလဲ ဒေသ ထိန်းသိမ်းရေး လုပ်ငန်းများ၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တော အတန်းအစား လျော့ကျခြင်းမှ ဖြစ်ပေါ်သော ကာဗွန်ထုတ်လွှတ်မှု လျှော့ချသည့် လုပ်ငန်း (REDD+) အခြေအနေ၊ ကချင်ပြည်နယ်ရှိ ကမ္ဘာ့ သဘာဝ အမွေအနှစ် စာရင်းဝင် ဒေသများ သတ်မှတ်ရေး အတွက် ဆောင်ရွက်သည့် အစီအစဉ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဘေးအန္တရာယ်ရှိသော စွန့်ပစ် ပစ္စည်းများ စီမံခန့်ခွဲရေး၊ အနာဂတ်ကာလ ပူးပေါင်း ဆောင်ရွက်မည့် အစီအမံများ နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
ဘက်စုံ ရေအရင်းအမြစ် အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများ၊ မိတ္ထီလာကန် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှင့် ပုဂံဒေသ ဧရာဝတီမြစ်ကမ်းပါး သာယာလှပရေး လုပ်ငန်း စီမံကိန်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ရေအရင်းအမြစ် ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ၊ ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှု လေ့လာ ဆန်းစစ်ခြင်း များဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် စံချိန်စံညွှန်းများ ရေးဆွဲ ပြုစုလျက် ရှိသည့် လုပ်ငန်းများ၊ ရေညစ်ညမ်းမှု ထိန်းချုပ်ရန် နည်းပညာ အကူအညီနှင့် စွမ်းဆောင် ရည်မြှင့်တင်ရန် ပူးပေါင်း ဆောင်ရွက် နိုင်မည့် အခြေအနေများ ကိုလည်း ဆွေးနွေးကြသည်။ (Xinhua)