Environment, Disasters & Accidents
ပုပ္ပားတောင်မကြီး ၂ ရက် ဆက်တိုက် တောမီး လောင်ကျွမ်း
ရန်ကုန် ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်ရှိ အမြင့်ပေ (၄,၉၈၁) ပေမြင့်သော ပုပ္ပားတောင် မကြီး၌ ဧပြီလ ၂၀ ရက်မှ စတင်၍ နှစ်ရက် ဆက်တိုက် တောမီး လောင်ကျွမ်းမှု ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
ပုပ္ပား တောင်မကြီး ထိပ်တွင် ဧပြီလ ၂၀ ရက် ညနေပိုင်း အချိန်မှ တောမီး စတင် လောင်ကျွမ်းခဲ့ပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် တောမီးမှာ လျှင်မြန်စွာ ပြန့်နှံ့ခဲ့ရာ တောင်ထိပ်ရှိ MRTV ရုပ်သံ ထပ်ဆင့်လွှင့် စက်ရုံအား တောမီး ကူးစက် လောင်ကျွမ်းခဲ့ကြောင်း ၊ တောမီးမှာ တောင်ထိပ်မှ တဆင့် တောင်အောက်ဖက်သို့ ဆက်လက် လောင်ကျွမ်းနေရာမှ ယနေ့ဧပြီလ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် ဟတ်စကီးကွင်း (ဦးနုတိုက်ဟောင်း) အထက်ဘက် ဆေးမွန်းတောင်ကုန်း ဝန်းကျင်ရှိ ထင်းရူးတောနှင့် မြက်ခြောက်တော များအား ဆက်လက် လောင်ကျွမ်းလျက် ရှိကြောင်း သိရသည်။
ထိုတောမီးလောင်ကျွမ်းမှု အခြေအနေများအား သက်ဆိုင်ရာ တာဝန်ရှိသူများက စောင့်ကြပ် ကြည့်ရှုလျှက် ရှိကြပြီး လူနေအိမ်ခြေများသို့ ကူးစက် လောင်ကျွမ်းမှု မရှိစေရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)