Environment, Disasters & Accidents
မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် ရေလမ်း သတိပေး
ရန်ကုန် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)
မုတ်သုံရာသီအစ မိုးဦးကာလ၌ ရေယာဉ်များ သဘာဝဘေးအ္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေလမ်း သတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ရာသီဥတု ပြောင်းလဲမှုကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်မှု နှင့် မိုးမှောင်ကျမှု ဖြစ်ပေါ်သည့်အခါ ရေယာဉ် အန္တရာယ် မဖြစ်စေရေး အတွက် အထူးသတိပြု ခုတ်မောင်း ကြရန်နှင့် လေပြင်း တိုက်ခတ်စဉ် ရေယာဉ် များ လိုက်နာ ရမည့် နည်းဥပဒေများ အတိုင်း လိုက်နာကြရန် သတိပေး နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံရှိ မြစ်များတွင် မိုးဦးကာလ၌ မြစ်ရေ တက်လာမှုပေါ်မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ ခုတ်မောင်း သွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန် အမှတ်အသားများကို ပြသထားမည် ဖြစ်၍ အလေးထား လိုက်နာ ကြရန် လိုအပ်ကြောင်း ၊ ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန် အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီး ပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြု ခုတ်မောင်းကြရန် လိုအပ်ကြောင်း သိရသည်။
ထို့အတူ ရေအနက်မလုံလောက်သော ရေမြွှာပေါက် ဖြတ်လမ်းများကို အသုံးပြုခုတ်မောင်းခြင်း မပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့် ရေစီးနှုန်းကို ချင့်ချိန်၍ သတ်မှတ်ရေလမ်း အတိုင်း သတိပြုခုတ်မောင်းကြရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။
မြစ်ကူးတံတား ရေလမ်းများတွင် ရေယာဉ်များ ဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံ အမှတ်အသား ပြသထားပြီး ညအခါ မီးစိမ်းထွန်း ပြသထားကြောင်း ၊ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ် အမှတ်အသား ပြသထားပြီး ညအခါ မီးနီထွန်း ပြသထားကြောင်း သိရသည်။
ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင် အုတ်ခုံများမှာ ရေမြုပ်နေပြီး ရေလယ်တိုင် နှစ်ခု အကြား၌ ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတားရေလမ်းကို ဖြတ်သန်းရာတွင် စက်နှင့် တက်မ စနစ်များကို ကြိုတင် စစ်ဆေးပြီး လုံလောက်သော အကွာအဝေးမှ ချဉ်းကပ် လမ်းကြောင်းမှန် ရယူ၍ ဖြတ်သန်း ခုတ်မောင်း ကြရန်နှင့် တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန် လိုအပ်ကြောင်း ၊ အထူးသဖြင့် ရေယာဉ်များသည် မိမိ၏ သယ်ဆောင်ဝန်အားနှင့် စက်အားကို ချင့်ချိန် တွက်ဆ၍ ဂရုပြုခုတ်မောင်းကြရမည်ဖြစ်ကြောင်း ၊ မနိုင်ဝန်ကို သယ်ဆောင်ခြင်းမျိုးမပြုကြရန်နှင့် မြစ်ကူး တံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)