Environment, Disasters & Accidents
ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် သိန်း၃၀၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် ၃,၀၁၈.၇ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ၁ရး၄၅ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ ဗလမင်းထင် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေး ဂိတ်၌ မူဆယ်မြို့နယ်၊ မော်တောင်းအုပ်စုနေ နော်ဂျာ မောင်းနှင်ပြီး ဘရန်အောင် လိုက်ပါလာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ မော်တော်ယာဉ်၏ ဒက်ရှ်ဘုတ် အံဝှက်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁၉၈ ခွက်( ဘိန်းဖြူ အလေးချိန် ၂.၁၇၈ ကီလို)ကို လည်းကောင်း၊ ကွင်းဆက်အရ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ မူဆယ်မြို့နယ်၊ မော်တောင်းအုပ်စုနေ ဘရန်ဆိုင်း ၊ မမွန်းပန်နှင့် နော်ဂျာ တို့သည် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ လုံဂါဘာစားသောက်ဆိုင်၌ ကြိုတင်ရောက်ရှိနေပြီး ဘရန်ဆိုင်းမှာ မနောကွင်းထိပ်၌ စောင့်ကြိုမည်ဖြစ်ကြောင်းသိရှိရ၍ ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေရာ ကလူဂါ မော်တော်ယာဉ် တစ်စီးသည် မနောကွင်းထိပ်မှမောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ မော်တော်ယာဉ်ကို လုံဂါဘာစားသောက်ဆိုင်ရှေ့ ၌တွေ့ရှိရပြီး ဘရန်ဆိုင်းနှင့်မမွန်းပန်ထံမှ လက်ကိုင်ဖုန်း၂လုံးကိုလည်းကောင်း၊ ဆက်လက်၍ ၁၈း၁၀နာရီ အချိန် ပူးပေါင်းအဖွဲ့သည် လုံဂါဘာစားသောက်ဆိုင်အတွင်း၌ မူဆယ်မြို့၊ မန့်ဝိန်း ရပ်ကွက်နေ နော်ဂျာ၊ လဝေါမ်၊ မဆိုင်းဆန့်နှင့် ဇော်အောင်တို့အားတွေ့ရှိပြီး စားသောက်ဆိုင်ရှေ့တွင် ရပ်ထားသည့် မော်တော်ယာဉ်နှစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီး တို့ကိုရှာဖွေရာ မူဆယ်မြို့နယ်၊ မန့်ဝိန်း ရပ်ကွက်နေ နော်ဂျာ မောင်းနှင်သည့် မော်တော်ယာဉ်၏ဒက်ရှ်ဘုတ်အံဝှက်အတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၂ ခွက်(ဘိန်းဖြူအလေးချိန် ၁.၄၈၄ ကီလို)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၆လုံးတို့ကိုလည်းကောင်း၊ စုစုပေါင်းငွေကျပ် ၃,၀၁၈.၇ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ဆပ်ပြာခွက် ၃၃၀ ခွက် ( ဘိန်းဖြူအလေးချိန် ၃.၆၆၂ ကီလို ) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)