Environment, Disasters & Accidents
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်း ၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့်ပြည်နယ်တစ်ချို့်တွင် မိုးရွာသွန်းနိုင်
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်း(PHETHAI) ၏ အရှိန်ကြောင့် ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့သည်။
ယနေ့ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်မိုးဇလမှ အကြံပြုချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)