Environment, Disasters & Accidents
အိန္ဒိယ-မြန်မာ နယ်စပ်မြို့များတွင် နောက်ဆက်တွဲ ငလျင်များ ထပ်မံ လှုပ်ခတ်နိုင်ကြောင်း မြေငလျင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌဆို
ရန်ကုန်၊ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
ဇန်နဝါရီ ၄ ရက် နံနက် ၅ နာရီခွဲ အချိန်ခန့်က မြန်မာနိုင်ငံနှင့် ထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်းရှိ မဏိပူရ ပြည်နယ်တွင် ပြင်းအား ၆.၈ ရစ်ချ်စတာ စကေးရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ယင်းဖြစ်စဉ် ကြောင့် နောက်ဆက်တွဲ ငလျင်များ ကြုံလာနိုင်သည့် အတွက် နယ်စပ်မြို့များ သတိထား သင့်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောကြားသည်။
မြေထုများ၏ ရွေ့လျား ပွတ်တိုက်မှုကြောင့် အင်အား ပြင်းငလျင်များ ဖြစ်ပွားတတ်ပြီး ယင်းသို့ မြေထုပုံမှန် အတိုင်း လှုပ်ရှားမှုကြောင့် ငလျင် ဖြစ်ပွားရတတ် သကဲ့သို့ ပြတ်ရွေ့များနှင့် နီးစပ်သည့် နေရာများတွင် ငလျင် လှုပ်ပါက နောက်ဆက်တွဲ ငလျင် လှုပ်နိုင်ခြေ များပြားကြောင်း ၎င်းကဆိုသည်။
ထို့အပြင် ယခု အိန္ဒိယ ငလျင်သည် အိန္ဒိယ Eura- sian ကျောက်သားထုမှာ မြောက်ဘက်သို့ ရွေ့လျား ရာမှ တစ်ဆင့် ယခုကဲ့သို့ ငလျင် ဖြစ်ပေါ်ရခြင်း ဖြစ်နိုင် ကြောင်းသိရပြီး အဆိုပါ ကျောက်လွှာထုများသည် တစ်နှစ်လျှင် ငါးစင်တီမီတာ အထိ ရွေ့လျားနေခြင်း ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ ကလေးမြို့အနီးရှိ ကဘော် ပြတ်ရွေ့နှင့် မဏိပူရ ပြတ်ရွေ့များ အကြား နယ်စပ်မြို့ များတွင် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်ခြေ ပိုမို များပြားသည့် အတွက် သတိထားကြရန် လိုအပ်ခြင်း ဖြစ်ကြောင်း ဦးစိုးသူရထွန်းကဆိုသည်။ (Xinhua)