Connect with us

Environment, Disasters & Accidents

ဧရာဝတီ လင်းပိုင် အကောင်ရေ စစ်တမ်း ကောက်ယူမှုကို ၂ဝ၁၆ ခုနှစ် နှစ်ဆန်းတွင် ပြုလုပ်မည်

ဧရာဝတီလင်းပိုင်အား မြင်တွေ့ရစဉ် (ဓါတ်ပုံ- မြ၀တီ)

ရန်ကုန်၊စက်တင်ဘာ ၂၉ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်းရှိ ဧရာဝတီလင်းပိုင် အကောင်ရေ ကျန်ရှိမှုနှင့် တိုးပွားမှုများကို သိရှိနိုင်စေရန် ဧရာဝတီ လင်းပိုင် အကောင်ရေ စစ်တမ်းကောက်ယူမှုကို ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်း ဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ လတို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့မှ ဒုဥစီးမှုး ဦးဟန်ဝင်းက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ဦးဟန်ဝင်းက “ဆောင်းတွင်းဖြစ်တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ စစ်တမ်းကောက်ဖို့ ဆုံးဖြတ်ရတာက အဲ့ဒီ့အချိန်က မြစ်ရေငြိမ်တယ်။ အကောင်တွေကို စစ်တမ်းကောက်တဲ့နေရာမှာ အဆင်ပြေတဲ့ အတွက်ပါ။ အခုလို စစ်တမ်းကောက်ရတာက ဧရာဝတီလင်းပိုင်တွေက ထိန်းသိမ်းဖို့ လိုတဲ့ အနေအထားမှာ ရောက်နေပြီ။ ဒါကြောင့် ဧရာဝတီလင်းပိုင်မျိုးတုန်းကာကွယ်မှုတွေလျှော့နည်းဖို့ အတွက်လုပ်ရတာပါ’’ ဟုပြောသည်။

ထိုကဲ့သို့ စစ်တမ်းကောက်ယူမှုအား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့မှ ဆောင်ရွက်သွားမည် ဖြစ်ပြီး စစ်တမ်းကောက် သုတေသနပြုလုပ်ရန် နည်းပညာနှင့် ငွေကြေးပိုင်းကို သားငှက် ထိန်းသိမ်းရေး အဖွဲ့မှ ပံ့ပိုးပေးမည်ဖြစ်ကာ မူဝါဒပိုင်းကို ငါးလုပ်ငန်း ဦးစီးဌာနမှ ချမှတ်ထားသည့် အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်တမ်းကောက်ယူမှု ပြုလုပ်ရာတွင် အသိ ပညာ ဖြန့်ဝေပေးမှုကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးဟန်ဝင်းက “ဧရာဝတီလင်းပိုင်တွေက ထိန်းသိမ်းမှု မလုပ်ရင်မျိုးတုံးသွားမယ့်အန္တရာယ်မှာ ရှိတယ်။ ဧရာဝတီမြစ်ထဲမှာ ထိန်းသိမ်းရေးဧရိယာမှာတော့ အကောင်ရေက အရင်က ၁၈ ကောင်လောက်ရှိရာက အခု ၂၅ ကောင်လောက်ရောက်လာတယ်။ လျှော့သွားတဲ့နေရာတွေက ထိန်းသိမ်းရေး ဧရိယာ ပြင်ပက ဧရာဝတီလင်းပိုင်လေးတွေက သေကြတာ။ ထိန်းသိမ်းရေးပြင်ပနေရာတွေလည်း ထိန်းသိမ်းဖို့လိုအပ်လာပြီ’’ ဟုပြောသည်။

ဧရာဝတီ လင်းပိုင်များကို နှစ်စဉ် စစ်တမ်းကောက်ယူလျက်ရှိပြီး စစ်တမ်းကောက်ယူမှု အရ ၂ဝ၁၄ ခုနှစ်က လင်းပိုင် အကောင်ရေ ၆၃ ကောင်နှင့် ၂ဝ၁၅ ခုနှစ်တွင် အကောင်ရေ ၅၈ ကောင်သို့ လျော့ကျသွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ လင်းပိုင်များ လျော့ကျမှု ဖြစ်ပွားကာ မျိုးသုဉ်းပျောက်ကွယ်မှု မဖြစ်စေရန် ဖမ်းဆီး သတ်ဖြတ်သူများကို ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ဒဏ်ငွေကျပ်နှစ်သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးကို တစ်ပေါင်းတည်း ချမှတ် သွားမည်ဟု ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

ဧရာဝတီလင်းပိုင်လျှော့နည်းသွားသည့် နေရာများမှာ ကသာ နှင့် ဗန်းမော်ဘက်တွင် ဖြစ်ကြောင်းဆိုသည်။ လင်းပိုင်များအား တနသာၤရီကမ်းရိုးတန်း နှင့် ရခိုင်ကမ်းရိုးတန်း ဘက်တွင်လည်း တွေ့ရကြောင်း ဆိုသည်။ (Xinhua)