Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ် ဖလမ်းမြို့၌ နာရီပိုင်းအတွင်း အင်အားပြင်းထန်နှင့် အင်အားအနည်းငယ် ငလျင်နှစ်ကြိမ် လှုပ်ခတ်

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ဖလမ်းမြို့အနီး၌ ယနေ့ ဧပြီ ၁၆ ရက် ညနေ ၆နာရီကျော်နှင့် ၇နာရီကျော်တွင် ပြင်းအား  အင်အားပြင်းထန်နှင့်  အင်အားအနည်းငယ် ငလျင်နှစ်ကြိမ် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖလမ်းမြို့အနီး ယနေ့ ဧပြီ ၁၆ ရက် ညနေ ၆နာရီ ၁၅မိနစ်တွင် အင်အား ရစ်ခ်တာစကေး ၆.၁ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု နှင့် ည ၇ နာရီ ၁၇ မိနစ်၊ ၁၇ စက္ကန့်တွင် အင်အား ရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို ဟားခါး၊ ပခုက္ကူ ၊ မုံရွာ၊ ဖလမ်း၊ စစ်တွေစသည့် မြို့များတွင် ခံစားမိကြောင်း၊ လက်ရှိတွင် ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီး၊ အဆုံးအရှုံး ရှိမရှိကို စာရင်းကောက်ယူနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ငလျင်လှုပ်လို့ တိုက်ခံအိမ်ကိုတောင် ခါသွားတယ်၊ အိမ်သွပ်မိုးတွေဆို အသံတွေမြည်ကုန်တယ်၊ စက္ကန့်ပိုင်းလှုပ်ပေမယ့် ပြင်းတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ ငလျင်လှုပ်ခတ်မှုအားခံစားမိသူတစ်ဦးက ဆိုသည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈) နာရီ၊ (၁၅) မိနစ်၊ (၂၅) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၂၇) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၂၄) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၁) ဒီဂရီ၊ အနက်(၁၂) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အလားတူ ယနေ့ ည ၇ နာရီ ၁၇ မိနစ်၊ ၁၇ စက္ကန့်တွင် ဖလမ်းမြို့၏ အရှေ့တောင်ဘက်(၂၅)မိုင်ခန့် အကွာ၊ မြောက်လတ္တီတွဒ် (၂၂.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၂)ဒီဂရီ၊ အနက်(၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု  ထပ်မံလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)