Environment, Disasters & Accidents
တာချီလိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွား
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးသည်းထန် စွာရွာသွန်း၍ တောင်ကျရေများပြားခြင်းနှင့်အတူ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ရှိ မယ်ဆိုင်ချောင်းနှင့် နမ့်ယွန်းချောင်းတို့မှ ချောင်းရေများမြင့်တက်လာကာ သြဂုတ်လ ၁၈ ရက်နံနက်အစောပိုင်းက မြေနိမ့်ပိုင်းရှိ ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မယ်ဆိုင်ချောင်းရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်များရှိ ရွှေနန်းတော်ကုန်တိုက်၊ တာလော့ဈေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တာချီလိတ် ခရိုင်ဦးစီးမှူးရုံးဝင်း၊ ပုန်းထွန်ရပ်ကွက်လမ်းမ၊ ဆက်သွယ် ရေးရုံးဝင်း၊ မကာဟိုခမ်းရပ်ကွက်ရုံးရှေ့၊ ဆန်ဆိုင်းအခြေခံ ပညာအထက်တန်း ကျောင်းဝင်းအတွင်း၊ ဆန်ဆိုင်း ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းမ တာလော့အခြေခံပညာ အလယ်တန်းကျောင်းရှေ့လမ်းနှင့် မေဖလားဝါးကွင်းတို့တွင် ရေများဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။
တာချီလိတ်မြို့တွင် နှစ်စဉ် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပါက မယ်ဆိုင် ချောင်းရေလျှံခြင်းနှင့် တောင်ကျရေများကြောင့် မြေနိမ့် ပိုင်းရှိရပ်ကွက်အချို့တွင် ရေဝင်ရောက်မှုဖြစ်ပွားလေ့ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)