Environment, Disasters & Accidents
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ အေးရွာတွင် ကမ်းပါးပြိုကျမှုထပ်မံဖြစ်ပွား
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်း ကျေးရွာ အုပ်စု၊ အေးရွာတွင်
ဧရာဝတီမြစ်ကမ်းပါး အလျား ၂၀၀ ပေ၊ အနံ ၁၅၀ ပေခန့်ထပ်မံပြိုကျခဲ့မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ဧရာဝတီမြစ်ကမ်းပါး သည် အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ထပ်မံပြိုကျခဲ့ခြင်းဖြစ်ပြီး ယင်းသို့ မြစ်ကမ်းပါးပြိုကျရာအနီး နေအိမ်နှစ်လုံးမှာ ပြောင်းရွှေ့နေစဉ် ဧရာဝတီမြစ်အတွင်းမျောပါသွားပြီး ကျန်နေအိမ် ၈ လုံးမှာ ကမ်းပါးပြိုကျမှုနှင့် နီးကပ်လျက်ရှိလာသဖြင့် ၎င်းနေအိမ်(၈)လုံးအား ဖျက်သိမ်း၍
ကျေးရွာအတွင်းရှိ ဆွေမျိုးများ၏နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး
ကမ်းပါးပြိုကျမှုကြောင့် လူထိခိုက် ဒဏ်ရာရှိမှု မရှိကြောင်းနှင့်ပြောင်းရွှေ့သူမိသားစုဝင်များအားရဲတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြစ်ရေ တိုက်စားမှုကြောင့် ပြောင်းရွှေနေထိုင်လျက်ရှိသည့်အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာသို့ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ
ထားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်နိုင်ထွန်း တို့အဖွဲ့မှ ရောက်ရှိ၍ လူသုံးကုန်ပစ္စည်း၊ အဝတ်အစားအိတ်နှင့် အိမ်ထောင်စု တစ်စုချင်းစီအားငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြစ်ကမ်းပါးပြိုကျမှုကြောင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့မှ စတင်၍
အောက်တိုဘာလ ၁၇ ရက်နေ့အထိ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာရှိ လူနေအိမ်ခြေ ၈၅ လုံး၊ အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ကျား/မ ၃၂၀ ဦးတို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း
သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)