Connect with us

Environment, Disasters & Accidents

နိုင်ငံအတွင်း မိုးကြိုးဘေးအန္တရာယ်ကြောင့် ခြောက်လအတွင်း သေဆုံးသူ ၂၉ ဦးရှိ

ရှမ်းပြည်နယ်တွင် ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှု ဖြစ်စဉ် တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs)

ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လတာ အတွင်း မိုးကြိုးဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၂၉ ဦး ရှိပြီး ဒဏ်ရာ ရရှိသူ ၁၆ ဦး ရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ ယနေ့ သိရသည်။ 

“၂၀၁၉ ခုနှစ် အောက်တိုဘာလကနေ  ၂၀၂၀ ခုနှစ် မတ်လအထိ မိုးကြိုးက ၂၈ ကြိမ် ပစ်ခဲ့တယ်။ ဖြစ်တာတွေကတော့ နေပြည်တော် ၊ ကရင် ၊ စစ်ကိုင်း ၊ တနင်္လာရီ ၊ ပဲခူး ၊ မကွေး ၊ မွန် ၊ ရန်ကုန် ၊ ရှမ်း ၊ ဧရာဝတီပေါ့ ။ အများဆုံးကတော့ ပဲခူးမှာ ၈ ကြိမ် ဖြစ်ခဲ့တယ်။ ဧရာဝတီမှာ ၇ ကြိမ်ပါ။”ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ထို့အတူ ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှု နှင့် အတူ မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦး ရှိကြောင်း ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၀ ခုတွင် မိုးကြိုးဘေးကြောင့် သေဆုံး ၊ ဒဏ်ရာ ရရှိသူများအား ဝန်ကြီးဌာနမှ ငွေကြေးထောက်ပံ့မှုများလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ထို့ပြင် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၄ ခုတွင် လေပြင်း ဘေးအန္တရာယ်ကြောင့် ဧပြီ ၉ ရက်မှ ၃၀ ရက်အထိ အလုံးစုံ ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ ၂၂၀ ကျော် ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အိမ်ခြေ ၄,၁၀၀ ကျော် နှင့် ဘာသာရေးကျောင်း ၇၅ ကျောင်း ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး လေပြင်းဘေးကြောင့် ကချင်ပြည်နယ်၌ သေဆုံးသူ တစ်ဦး ရှိခဲ့ကြောင်း ၊ ယင်းပျက်စီးဆုံးရှုံးမှုများအတွက် ကျပ်သန်း ၂၂၃.၆ သန်းကျော် ထောက်ပံ့ထားကြောင်း သိရသည်။ 

“ဒီကာလကတော့ လေပြင်းနဲ့ ပတ်သက်ပြီးတော့ သတိထားသင့်တယ်။ နောက်တစ်ခါ မုန်တိုင်း ၊ လေဖိအားနည်းရပ်ဝန်း စနေပြီ ဆိုတာ မိုးဇလကလဲ အခု ကြေညာပြီ ဆိုတော့ လေဖိအားနည်း ရပ်ဝန်း ဖြစ်နေတဲ့ အကြောင်းတော့ ကြေညာထားတာ ရှိတယ်။ မုန်တိုင်းငယ် ဖြစ်နိုင်တယ် ဆိုတော့ အဲဒါကိုလည်း သတိပြုဖို့တော့ လိုပါတယ်။”ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားခဲ့သည်။ 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လတာ အတွင်း ရေဘေး ၊ မီးဘေး ၊ မြေပြို ၊ မိုးကြိုးဘေး ၊ မိုင်းအန္တရာယ် စသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် သေဆုံးသူ ၁၅၂ ဦး ရှိကြောင်းလည်း သိရသည်။ 

မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.