Environment, Disasters & Accidents
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ အနီး အင်အား ရစ်(ခ်)တာ စကေး ၅.၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်
ရန်ကုန် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ အနီး အင်အား ရစ်(ခ်)တာ စကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုသည် ယနေ့ ညပိုင်း အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ထိုမြေငလျင်သည် ယခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ပဲခူးရိုးမအတွင်း၌ ပြင်းအား ပမာဏ ၆.၀ ရှိ ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ လှုပ်ခတ်ခဲ့သည့် ငလျင် ဖြစ်ကြောင်း မြေငလျင် ဌာနခွဲမှ သိရသည်။ထိုမြေငလျင် လှုပ်ခတ်မှုအား ရန်ကုန်မြို့ရှိ တောင်ဥက္ကလာပ ၊ တာမွေ စသည့် မြို့နယ် အချို့မှ သိရှိ ခံစားခဲ့ရကြောင်း သိရသည်။
ယခု လှုပ်ခတ်ခဲ့သည့် မြေငလျင်သည် ဖြူးမြို့၏ အနောက်တောင်ဘက် (၂၅)မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၁၈.၃၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၉) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ မြန်မာစံတော်ချိန် (၁၉)နာရီ (၅၁)မိနစ် (၂၂)စက္ကန့် အချိန်တွင် လှုပ်ခတ် သွားခဲ့ကြောင်း သိရသည်။(Xinhua)