Environment, Disasters & Accidents
ဖားကန့်မြို့နယ်ရှိ ကျေးရွာ အုပ်စုများတွင် ဆန္ဒပြမှုများ အပေါ် ညှိနှိုင်း သဘော တူညီချက်များ အရ မြေစာပုံ ရှင်းလင်းရေး များအား ယနေ့စတင် ဆောင်ရွက်လျက် ရှိနေပြီး ထပ်မံ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွားမည်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာ အုပ်စုနှင့် လုံးခင်း ကျေးရွာ အုပ်စုတွင် ဆန္ဒပြမှုများ အပေါ် လက်ရှိ အချိန်အထိ ညှိနှိုင်း သဘော တူညီချက်များ အရ မြေစာပုံ ရှင်းလင်းရေးများအား ယနေ့စတင် ဆောင်ရွက်လျက် ရှိနေပြီး ထပ်မံ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ပြီး သဘော တူညီချက်များအား အတည်ပြု လက်မှတ် ရေးထိုးကြမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အချက်လေးချက် ဆွေးနွေးကြတာပေါ့ နံပါတ်တစ် ကတော့ အများပြည်သူ လမ်းပေါ်တွင် စည်းကမ်းမဲ့ မြေစာသယ်ယာဉ်များ မဖြတ်ရပေါ့၊ ဒုတိယအချက်က စည်းကမ်းမဲ့ မြေစာတွေကြောင့် တိမ်ကောလာတဲ့ ဥရုချောင်းဘေး တစ်လျှောက်ကို ပြန်ပြီး ပြုပြင်ပေးဖို့၊ တတိယ အချက်က စည်းကမ်းမဲ့ မြေစာပုံတွေကို ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ကိစ္စနဲ့နံပါတ်လေးကတော့ ကျောက်စိမ်း သတ္တုတွင်းများတွင် ဒိုင်းနမိုက် ဖောက်ခွဲမှု လျှော့ချပေးဖို့ပေါ့” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည် လုံးခင်း ဒေသခံ ဦးနော်တောင်က ယနေ့ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပြောသည်။
ထိုဆွေးနွေး ညှိနှိုင်းချက်များ အနက် မြေစာသယ် ယာဉ်များ ကျေးရွာတွင်း လမ်းမပေါ်မှ မဖြတ်သန်းရန် ဆိုသည့် အချက်အား ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများ၊ ဒေသခံများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အကြား သဘောတူညီမှု မရခဲ့ဘဲ ဖေဖော်ဝါရီလ ၁၈ ရက် သို့မဟုတ် ၁၉ ရက်တွင် ထပ်မံ ဆွေးနွေးမှုများ ပြုလုပ်သွားပြီးနောက် သဘော တူညီချက်များအား အတည်ပြု လက်မှတ် ရေးထိုးကြမည် ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်၌ မြေသယ်ယာဉ်များ မြေစာ စွန့်ပစ်နေမှု အပေါ် ရွာအတွင်း လမ်းများမှ ဖြတ်သန်းသည်ကို မလို လားကြသော ပြည်သူတို့က မြေသယ် ယာဉ်များဖြတ်မသွားရန် တားဆီး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ညှိနှိုင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော် သည့် ကုမ္ပဏီပေါင်း ၈၀၀ ကျော် ရှိပြီး ဧက ၂ သောင်းကျော် ကို လုပ်ပိုင်ခွင့် ချပေးထားကြောင်းသိရသည်။ (Xinhua)