Environment, Disasters & Accidents
မန္တလေးလေဆိပ်၌ စင်္ကာပူလေကြောင်းလိုင်းမှ လေယာဉ် ၁ စင်း အင်ဂျင်ချို့ယွင်း၍ အရေးပေါ်ဆင်းသက်ခဲ့ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး မန္တလေးလေဆိပ်၌ စင်္ကာပူလေကြောင်းလိုင်းမှ လေယာဉ် ၁ စင်း အင်ဂျင်ချို့ယွင်း၍ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ၁၅း၃၅ နာရီ အချိန် စင်္ကာပူလေကြောင်းလိုင်းမှ လေယာဉ်အမှတ် 9V-SSE၊ လေယာဉ် အမျိုးအစား A-333 လေယာဉ်သည် ခရီးသည် ၂၀၂ ဦး တင်ဆောင်လျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာလေဆိပ်မှ စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ပျံသန်းလာစဉ် လေယာဉ်၏ ဝဲဘက်အင်ဂျင် ချို့ယွင်းခဲ့သဖြင့် မန္တလေးလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းပေါ်၌ ရပ်တန့်သွားသဖြင့် လေယာဉ် ရပ်နားရာနေရာသို့ ဆွဲယူခဲ့ရပြီး လေယာဉ်ပေါ်ပါခရီးသည် ၂၀၂ ဦးအား လေဆိပ် နားနေဆောင်၌ ခေတ္တနေရာစီစဉ်ပေးထားကာ အဆိုပါ ခရီးသည်များအား စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ မန္တလေး လေဆိပ်သို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၀၀း၁၅ နာရီ အချိန် ရောက်ရှိလာသည့် လေယာဉ်ဖြင့် တင်ဆောင်၍ နံနက်၀၃း၁၅ နာရီအချိန်တွင် ပျံသန်းထွက်ခွာသွားကြောင်းနှင့် စက်ချို့ယွင်း လေယာဉ်အား အစားထိုး လေယာဉ်ဖြင့် လိုက်ပါလာသည့် ပြုပြင်ရေးအဖွဲ့မှ ဆက်လက်ပြုပြင်မည်ဖြစ်ကြောင်းသတင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)