Environment, Disasters & Accidents
မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် ခရီးသည်တင် ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိ
ရန်ကုန် ၊ မတ် ၂၂ ရက်(ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၏ မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ လိပ်ထူကျေးရွာအနီး မန္တလေး-မြစ်ကြီးနား ရထားလမ်း မိုင်တိုင်အမှတ် ၄၉၃/၁ နှင့် ၄၉၃/၂ အကြားတွင် ယနေ့ မတ် ၂၂ ရက် နံနက် ၄ နာရီခန့်တွင် ၄၂ အစုန် ခရီးသည်တင် ရထားနှင့် ၄၁ အဆန် ခရီးသည်တင်ရထား ၂ စင်း တို့ ခေါင်းချင်းဆိုင် တိုက်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
အမှတ် ၄၁ မန္တလေး-မြစ်ကြီးနား ခရီးသည်တင် အဆန်ရထားသည် ကန့်ဘလူမြို့ဘူတာတွင် ရပ်တန့် စောင့်ဆိုင်း ရမည် ဖြစ်သော်လည်း စက်ခေါင်းမောင်း၏ အားနည်းချက်ကြောင့် ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် ထွက်ခွာ သွားခဲ့ရာ ရထားပေါ်တွင် ပါရှိသည့်တာဝန်ရှိသူတစ်ဦးက အရေးပေါ်ဘရိတ်များအား ဆွဲခဲ့သဖြင့် ရထား အရှိန်လျော့သွားချိန်တွင် မြစ်ကြီးနားမှထွက်ခွာလာသည့် အမှတ် ၄၂ အစုန်ခရီးသည်တင် ရထားဖြင့် ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်မိမှုကြောင့် ရထားနှစ်စင်း၏စက်ခေါင်းများ အနည်းငယ် ပျက်စီးခဲ့ပြီး ၄၂ အစုန်ခရီးသည်တင်ရထား စက်ခေါင်းအမှတ် DF 1350 တွင် ရိုးရိုးတန်း တွဲအမှတ်၊ BDTEZ- 12070 ၏ ယာဘက်ဘီး ၂ ဘီး လမ်းချော်မှုဖြစ်ပွားခဲ့ကာ ခရီးသည်များထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက သွားရောက်၍ လိုအပ်သည်များကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)