Environment, Disasters & Accidents
မုန်တိုင်းငယ်မြန်မာနိုင်ငံသို့ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသည့်အတွက် အဝါရောင်အဆင့်သတ်မှတ်
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
အဆိုပါမုန်တိုင်းငယ်သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲဆက်လက်တည်ရှိနေပြီး၊အိန္ဒိယနိုင်ငံ၊ ပူရီမြို့၏ တောင်-အရှေ့ တောင်ဘက် မိုင်(၅၀)ခန့်၊ ဂိုလ်ပါပူမြို့၏ အရှေ့-အရှေ့တောင်ဘက် (၆၅) မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား ပြီး၊ ယနေ့ညတွင် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ပူရီမြို့နှင့် ဂိုလ်ပါပူမြို့တို့ အကြားမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရကြောင်း ၊ အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၉.ဝ) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၄)ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း တိုက်ခိုက်နိုင်ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ထို့ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန်မိုးဇလမှ အကြံပြုချက်ထုတ်ပြန်သည်။ (Xinhua)