Environment, Disasters & Accidents
မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့တွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ MACCS စနစ် စတင်အသုံးပြုမည်

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့တွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ (Myanmar Automated Cargo Clearance System) MACCS စနစ်ကို စတင်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်အေး က ဆင်ဟွာသို့ ယနေ့ မတ် ၂၉ ရက်တွင် ပြောကြားသည်။ဦးမိုးကျော်အေးက “MACCS ဆိုတာ မြန်မာကုန်ပစ္စည်းအလိုအလျှောက်ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးစနစ်ပေ့ါ။ အဓိကက ကုန်သွယ်မှုတွေ ပိုမြန်လာမယ်။ပိုပြီးတိကျမှန်ကန်မှုတွေ ရှိလာမယ်။ Data အချက်အလက် တွေထိန်းသိမ်းနိုင်မယ်။Logistic ပိုင်းတွေလည်း ပိုကောင်းသွားမယ်။ မှန်မှန်ကန်ကန် အချက်အလက်စုံစုံလင်လင် နဲ့ လုပ်ပေးနိုင်မယ့် စနစ်ပေ့ါ’’ ဟု ပြောသည်။
အကောက်ခွန်ဦးစီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ထမ်းများ၊ မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသမှ အကောက်ခွန်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း၊ ကုန်ပစ္စည်းတင်သွင်းတင်ပို့သည့် ကုမ္ပဏီများနှင့် အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ကြသူများ၏ ပူးပေါင်းပါဝင်မှုဖြင့် မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသများတွင် MACCS စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်း MACCS စနစ်အား ရန်ကုန်ဧရိယာတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ၌၎င်း၊ မြဝတီနယ်စပ်ဒေသတွင် ၂၀၁၈ ခုနှစ် ဇွန်လ၌၎င်း စတင်အသုံးပြုဆောင်ရွက်ခဲ့ပြီး ယခုအခါ တိုးချဲ့ဒေသအဖြစ် မူဆယ်နယ်စပ်ဒေနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ထံမှ သိရသည်။ (Xinhua)