Connect with us

Environment, Disasters & Accidents

မြန်မာ့ပိုင်နက်ပင်လယ်ပြင်အတွင်း ငါးသယံဇာတနှင့် ငါးမျိုးစိတ်များ ထိန်းသိမ်းရန်အတွက် ငါးဖမ်းခွင့် ယာယီ ၃လ ပိတ်ထားမည်ဟု ဆို

မြန်မာ့ပင်လယ်ပြင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ငါးသယံဇာတနှင့် ငါးမျိုးစိတ်များ ထိန်းသိမ်းရန်အတွက် မြန်မာ့ပိုင်နက်ပင်လယ်ပြင်အတွင်း ငါးဖမ်းခွင့်အား လုပ်ငန်းအမျိုးအစားအလိုက် ၃ လတာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဦးစီးဌာန မှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မတ် ၃၁ ရက်တွင် ပြောသည်။

“ငါးတွေမိတ်လိုက်ပြီး မျိုးပွားတဲ့ ကာလဖြစ်တဲ့အတွက် ဧပြီ၊ မေ၊ ဇွန် ၃ လကို ငါးဖမ်းဆီးခွင့် ယာယီပိတ်ထားရတာဖြစ်ပါတယ်။ ငါးသယံဇာတတွေ ပျက်ဆီးမှုမရှိဖို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။’’ ဟု ဦးလှထွန်းကပြောသည်။

ယခုနှစ်မြန်မာ့ပင်လယ်ပြင် ငါးမဖမ်းရ ကာလသတ်မှတ်ရာတွင် ရာသီအလိုက်လုပ်ကိုင်ရသော အင်္ဂလန်ကျား၊ ကင်းမွန်ဖမ်းသည့်လုပ်ငန်း၊ ဝိုင်းချုပ် (ဝါးတန်း) စသည့်လုပ်ငန်းလုပ်ကိုင်သည့် လှေများကို မေ ၁ ရက် မှ ဇွန် ၃၁ ရက်အထိ နှစ်လကြာ ငါးဖမ်းခွင့် ပိတ်မည်ဖြစ်ပြီး၊ တရွတ်ဆွဲပိုက်၊ ဘုံကျောင်းကျားပိုက်၊ မျှောပိုက်၊ စိမ်ပိုက်၊ ငါးမျှားတန်း၊ မြှုံးလှေ စသော လုပ်ငန်းများ ကို ဧပြီ ၁ ရက်မှ ဇွန် ၃၁ ရက်အထိ ငါးဖမ်းခွင့် ၃ လ ပိတ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကာလများတွင် မြစ်ချောင်းအင်းအိုင် အနှံံ့အပြား၌ ဥများဖြင့် ပြည့်နှက်နေသော ငါးမကြီးများနှင့် မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများသည် ဥချရန် နေရာလာရှာ၍ ငါးရစ်တက်ကြကြောင်း ငါးလုပ်ငန်း ဦးစီးဌာန မှ သိရသည်။

“အဲဒီငါးရစ်တွေကို ဖမ်းဆီးလိုက်ရင် ငါးတွေမိတ်လိုက်တာ၊ ဥချသားပေါက်တာတွေ မလုပ်နိုင်တော့လို့ မျိုးမပေါက်ပွားနိုင်တော့ရင် ရေရှည်စဉ်ဆက်မပြတ်ငါးထုတ်လုပ်နိုင်ရေးနဲ့ ငါးရိက္ခာဖူလုံစွာ စားသောက်နိုင်ရေးကို အထောက်အကူမပြုတော့ဘဲ ငါးမျိုးပြုန်းတီးသွားနိုင်တဲ့အတွက် အားလုံးစည်းကမ်းလိုက်နာ စေချင်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။ (Xinhua)