Environment, Disasters & Accidents
ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းပေါ်တွင် ခရီးသည်တင်ယာဉ်နှစ်စီးတိုက်၊ ၄ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု၊ ဘဝိုင်းကျေးရွာအနီးတွင်ယနေ့ ညနေ ၁၆း၃၀ အချိန်ခန့်တွင် ရန်ကုန်-ပုသိမ်လမ်းအဝေးပြေးလမ်းပေါ်၌ မောင်းနှင်လျက်ရှိသည့် ရဲအောင်လံ ခရီးသည်တင်ယာဉ်နှင့် စေတနာရှင်ခရီးသည်တင်ယာဉ် (၂)စီး မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူလေးဦးသေဆုံးခဲ့ကြောင်း ပန်းတနော်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
မီးသတ်ဦးစီးမှူးဦးမောင်မောင်ဦးက “ အွန်လိုင်းမှာ တက်နေသလို ယာဉ် သုံးစီးဆင့်တိုက်တာ မဟုတ်ဘူး။ ဝါးခယ်မ-ရန်ကုန်ပြေးနေတဲ့ ရွှေခယ်ဝတီခရီးသည်တင်ကားက ပန်းတနော်ကနေ ရန်ကုန်ဘက်ကို သွားနေတယ်။ စေတနာရှင် ကျောင်းကုန်- ရန်ကုန်ကားက ရန်ကုန်ကနေပြန်လာတယ်။ မှန်လုံကားတွေပါ ။ အဲ့လို ပြန်လာတဲ့ အချိန်မှာ ရဲအောင်လံဆိုတဲ့ ဂွကနေ လာတဲ့ မှန်လုံကားက ရွှေခယ်ဝတီကို ကျော်အတက်မှာ တစ်ဘက်က နေလာတဲ့ စေတနာရှင် မှန်လုံ ကို ဝင်တိုက်လိုက်တာပါ။’’ ဟုပြောသည်။
အဆိုပါယာဉ်မတော်တဆမှုသည် ကားကျော်တက်ရင်းနှင့်ဖြစ်ခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ ရဲအောင်လံခရီးသည်တင်ယာဉ်မှ ရွှေခယ်ဝတီ ခရီးသည်တင်ယာဉ်အား ကျော်တက်သည့် အချိန်တွင် ရွှေခယ်ဝတီ ခရီးသည်တင်ယာဉ်မှာ လမ်းဘေးသို့ ဆွဲချပြီး ကားရပ်လိုက်ကြောင်း၊ ရွှေခယ်ဝတီခရီးသည်ယာဉ်မှာ ဒဏ်ရာရရှိသူမရှိကြောင်း၊ ကျော်တက်သည့် ရဲအောင်လံ ခရီးသည်ယာဉ်တွင်လည်းထိခိုက်ဒဏ်ရာရသူူ နှစ်ဦးသာရှိကြောင်း၊ စေတနာရှင် ခရီးသည်တင် မှန်လုံကားကသာ ထိခိုက်ဒဏ်ရာရသူများ နှင့် သေဆုံးသူများရှိကြောင်း ၎င်းက ဆိုသည်။
“သေဆုံး သူ၄ဦး ရှိတယ်။ အမျိုးသား- အမျိုး သမီး ၂ဦး သေဆုံးတယ်။ ၂ဦးက အခင်းဖြစ်တဲ့နေရာမှာ သေဆုံးတယ်။ ကျန်တဲ့ ၂ဦး က ပန်းတနော်ဆေးရုံကို သယ်ရင်း နဲ့ လမ်းမှာတင်ဆုံးသွားတာပါ’’ ဟုပြောသည်။ယာဉ်များအား အရှိန်ပြင်းစွာနှင့်လမ်းကျဉ်းကျဉ်းများတွင်အတင်းကျော်မတက်သင့်ကြောင်း ၎င်းကဆိုသည်။ (Xinhua)