Environment, Disasters & Accidents
၂၀၁၉ ခုနှစ်၊ ဧပြီလ လပတ်အတွက် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်ဖြစ်ပေါ်နိုင်
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
၂၀၁၉ ခုနှစ်၊ ဧပြီလ လပတ်အတွက် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင် ကြောင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မိုးအခြေအနေနှင့် မိုးရွာရက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ပြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် (၁၂)ရက်မှ (၁၈)ရက် ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် (၄)ရက်မှ (၁၀)ရက်ခန့် ရွာနိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
နေ့အပူချိန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ ပုံမှန်အပူချိန်ခန့်သာရှိနိုင်ပြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပုံမှန်အပူချိန် ၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ကြောင်း သိရသည်။ (Xinhua)