Environment, Disasters & Accidents
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာမှ စကျင်ကျေးရွာသို့ မောင်းနှင်လာသော စက်လှေ ၁ စီး တိမ်းမှောက်မှုဖြစ်ပွား၊ လူတစ်ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
ဇွန် ၂၄ ရက်၊ နံနက် ၀၆:၃၀နာရီ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာမှ စကျင်ကျေးရွာသို့ မောင်းနှင်လာသော စက်လှေ ၁ စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး စက်လှေပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးချမ်းငြိမ်းသူက ဆင်ဟွာသို့ ယနေ့ ဇွန် ၂၄ ရက်တွင် အတည်ပြုပြောကြားသည်။

မတ္တရာမြို့နယ်၌ ဖြစ်ပွားသော စက်လှေတိမ်းမှောက်မှုတွင် မတ္တရာမြို့နယ် မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်နေစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

မတ္တရာမြို့နယ်၌ ဖြစ်ပွားသော စက်လှေတိမ်းမှောက်မှုတွင် မတ္တရာမြို့နယ် မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်နေစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)
“ကျွန်တော်တို့ ဆီကို စကျင်ကျေးရွာက ရပ်မိရပ်ဖတွေက အကြောင်းကြားပါတယ်။ သတင်းရရချင်း ကျွန်တော်တို့ သွားရောက်ပြီး ကူညီကယ်ဆယ်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့ စက်လှေက ရိုးရိုးလှေကို စက်တပ်ထားတာပါ။ မြွေဟင်္သာကျေးရွာမှ စကျင်ကျေးရွာဘက်ကိုအလာမှာ စက်လှေတိမ်းမှောက်ပြီး လူတစ်ဦးပျောက်ဆုံးနေတယ်ဆိုပြီး ကျွန်တော်တို့ ကို အကြောင်းကြားခဲ့တာပါ’’ ဟု ဦးချမ်းငြိမ်းသူ က ပြောသည်။
သတင်းရရှိသဖြင့် မတ္တရာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ Madaya Rescue နှင့် လက်ပံလှ Rescue အသင်းဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လှေပေါ်ပါ ကျား ၅ ဦးအနက် ကျား ၄ ဦးအား အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပြီး (၁၁:၅၅)နာရီ အချိန်တွင် ကျန် ကျား ၁ ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး Madaya Rescue အသင်းမှ သူနာတင်ယာဉ်ဖြင့် မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ယနေ့ ဇွန် ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
“လက်ရှိဧရာဝတီမြစ်ရေတိုးတယ်။ မြစ်ရေလျှံတယ်ပေါ့။ အဲဒီဘက်က နှစ်စဉ်ရေကြီးလေ့ရှိပါတယ်။ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်များအနေနဲ့ သတင်းရတာနဲ့ ရှာဖွေကယ်ဆယ်ရေးတွေကို ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)