Myanmar
မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမားများ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ပထမအဆင့် ခြေစစ်ပွဲ အောင်မြင်

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမားများသည် အာရှဇုန် ပထမအဆင့် ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်အပြီးတွင် ပထမအဆင့်ခြေစစ်ပွဲကို အောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ အောက်တိုဘာ ၁၈ ရက်တွင် Viber မှတစ်ဆင့် ဖြေကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)
နှစ်ကျော့ပေါင်းရလဒ် (၅-၁)ဖြင့် မြန်မာအသင်းက ခြေစစ်ပွဲဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ပထမအဆင့်၊ ပထမအကျော့ အဖြစ် မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းနှင့် မကာအို လက်ရွေးစင်ဘောလုံးအသင်းတို့သည် အောက်တိုဘာ ၁၂ ရက် က ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး အောက်တိုဘာ ၁၇ ရက်တွင် ဒုတိယအကျော့ အဖြစ် မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းနှင့် မကာအို လက်ရွေးစင်ဘောလုံးအသင်းတို့ မကာအိုတွင် ယှဉ်ပြိုင်ကစားခဲ့ကာ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အာရှဇုန် ပထမအဆင့် ခြေစစ်ပွဲကို အောင်မြင်ခဲ့ခြင်းဖြစ်သည်။
“၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ဖို့ အသင်းအရေအတွက်က ပိုများပါတယ်။ အာရှက အသင်း ၉ သင်းအထိ တက်ခွင့်ရှိပါတယ်။ အခုက ခြေစစ်ပွဲက ပထမအဆင့်အောင်ပြီပေါ့။ ပထမအဆင့် အောင်ပြီးတော့ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့်ထိ ကစားရမှာပါ။ အာရှဇုန်မှာ အသင်းပေါင်း ၄၆ သင်း ဝင်ပြိုင်ကြပြီး အသင်း ၈ သင်းက တိုက်ရိုက်အောင်မယ်။ နောက်တစ်သင်းက Play Off အဖြစ် ထပ်ကစားပြီး နိုင်ရင် ခြေစစ်ပွဲအောင်မြင်မှာပါ” ဟု ဦးဇော်မင်းထိုက်က ဖြည့်စွက်ပြောကြားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ၊ အုပ်စု(B)တွင် အာရှထိပ်သီးလက်ရွေးစင်အသင်းများဖြစ်သည့် ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတို့နှင့် အုပ်စုတစ်စုတည်း ကျရောက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ အခွင့်အရေးရှိပေမဲ့ ဒုတိယအဆင့်ကို ကျော်နိုင်ဖို့ ပထမဆုံး ကြိုးစားရမှာပါ။ ဂျပန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယားအသင်းတွေက မြန်မာထက် အဆင့်မြင့်ကြတဲ့အတွက် အုပ်စုကျပ်ပါတယ်။ အနိမ့်ဆုံး အုပ်စုဒုတိယ ရမှဖြစ်မှာပါ။ ဒါကြောင့် အိမ်ကွင်းပွဲစဉ်တွေမှာ အမှတ်တွေရထားဖို့လိုပါတယ်။ အဝေးကွင်းမှာ ဂျပန်လိုအသင်းကို ဂျပန်မြေမှာ ရှုံးခဲ့ရင်တောင် ဂိုးမပြတ်ဖို့လိုပါတယ်။ အိမ်ကွင်းမှာက ပရိသတ်အားသာချက်၊ အသင်းရဲ့စွမ်းဆောင်မှု၊ ကြိုးစားမှု၊ အားပေးမှုတွေရှိရင် အမှားနည်းရင် အုပ်စုတက်ဖို့ မဖြစ်နိုင်စရာ မရှိပါဘူး။ ဒါကြောင့် ပထမအဆင့်အနေနဲ့ အုပ်စုတက်ရေးက ဦးစားပေးပစ်မှတ်ဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်ဖို့ ဆိုတာထက် တစ်ဆင့်ချင်း ရည်မှန်းချက်ထား ပြင်ဆင်သွားမှာဖြစ်ပါတယ်”ဟု ဦးဇော်မင်းထိုက်က ပြောကြားသည်။
မြန်မာအသင်းသည် ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ၊ အုပ်စု (B) ၏ ပွဲဦးထွက် ပွဲစဉ်အဖြစ် လာမည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယင်းပွဲစဉ်အပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် မြန်မာအသင်းနှင့် မြောက်ကိုရီးယားအသင်းတို့ အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် မြန်မာအသင်းနှင့် ဆီးရီးယားအသင်းတို့ အိမ်ကွင်း၌ ကစားရမည်ဖြစ်ကာ၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် မြန်မာနှင့် ဆီးရီးယား အဝေးကွင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် မြန်မာနှင့် ဂျပန်အသင်းတို့ အိမ်ကွင်း၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားများအနေဖြင့် သက်ဆိုင်ရာ ကလပ်အသင်းများသို့ ပြန်ကြမည်ဖြစ်ပြီး ၎င်းတို့၏ ကလပ်အသင်းပွဲစဉ်များကို ပြန်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာ့လက်ရွေးစင် ကစားသမားတွေကို နိုဝင်ဘာ ပထမပတ်မှာ ပြန်ခေါ်ပြီး ကာလတို လေ့ကျင့်သွားမှာပါ” ဟု ဦးဇော်မင်းထိုက်ကပြောသည်။ (Xinhua)