Connect with us

Environment, Disasters & Accidents

မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်သော မြန်မာ့မျိုးရင်းကြယ်လိပ် အကောင်ရေ ၁,၀၀၀ ကို ၂၀၂၃ ခုနှစ်အတွင်း ရွှေစက်တော်ဘေးမဲ့တောမှ သဘာဝသစ်တောထဲသို့ ပြန်လွှတ်ပေးရန် စီစဉ်လျက်ရှိ

ရွှေစက်တော်ဘေးမဲ့တော ထိန်းသိမ်းစခန်းရှိ ကြယ်လိပ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ရွှေစက်တော်ဘေးမဲ့တော)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်သော မြန်မာ့မျိုးရင်းကြယ်လိပ် အကောင်ရေ ၁,၀၀၀ ကို ၂၀၂၃ ခုနှစ်အတွင်း သဘာဝသစ်တောထဲသို့ ပြန်လွှတ်ပေးရန် စီစဉ်ထားကြောင်း မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ ရွှေစက်တော်ဘေးမဲ့တော ထိန်းသိမ်းစခန်း အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းက ဆင်ဟွာသို့ အောက်တိုဘာ ၁၇ ရက်တွင်ပြောသည်။

မြန်မာ့မျိုးရင်း ကြယ်လိပ်များသည် ရှားပါးတိရစ္ဆာန်များဖြစ်သည့်အတွက် ရွှေစက်တော်ဘေးမဲ့တော၊ မင်းစုံတောင်ဘေးမဲ့တော၊ လောကနန္ဒာ ဘေးမဲ့တောတွင် ခြံလှောင်ပြီးမွေးမြူထားရှိကြောင်း သိရသည်။

ရွှေစက်တော်ဘေးမဲ့တော ထိန်းသိမ်းစခန်းရှိ ကြယ်လိပ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ရွှေစက်တော်ဘေးမဲ့တော)

“မွေးလာတဲ့ အကောင်တွေထဲက ၃ နှစ်သားနဲ့ အထက်တွင် အကောင် ၁,၀၀၀ ကို သဘာဝတောထဲမှာပဲ ခြံလှောင်မွေးထားပြီး သဘာဝတောထဲကို ပြန်လွှတ်ပေးမှာဖြစ်တယ်။ အဲဒီလို သဘာဝတောထဲကို ပြန်လွှတ်တဲ့အခါ ကျက်စားတတ်တဲ့ အလေ့အထရအောင် သဘာဝတောထဲမှာပဲ ခြံလှောင်မွေးမြူရတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရုံးချုပ်ကို တင်ပြထားပါတယ်။ ခွင့်ပြုချက်ရရင် သဘာဝတောထဲက ခြံကိုဖွင့်ပေးလိုက်မှာပေါ့ဗျာ။ လိပ်လေးတွေရဲ့ သဘောအတိုင်း တောထဲကို သွားချင်လဲသွား၊ ကျွန်တော်တို့ဆီမှာပဲ နေချင်လည်းနေပေါ့” ဟု ဦးအောင်ဆန်းက ပြောသည်။
အဆိုပါ လွှတ်ပေးမည့် ကြယ်လိပ်အကောင် ၁,၀၀၀ ကို လောကနန္ဒာဘေးမဲ့တောထဲသို့ လာပို့ထားခြင်းဖြစ်ကြောင်း သိရသည်။ ရွှေစက်တော် သဘာဝဘေးမဲ့တောမှ ကြယ်လိပ်များကို ၂၀၁၈ တုန်းက ၂ ကြိမ်၊ ၂၀၁၉ မှာ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်တွင် အကောင်ရေ ၁,၇၅၀ ကို လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“လောကနန္ဒာဘေးမဲ့တောက တောမရှိလို့ ဒီဘက်ကနေ လွှတ်ပေးဖို့ အတွက် ကျွန်တော်တို့ ရွှေစက်တော် ဘေးမဲ့တောကို တောအလေ့အထနဲ့ မွေးမြူဖို့ ကြိုပြီးလာပို့ထားတာပါ။ တောထဲမှာ မွေးတာက ၁ နှစ်ကျော်ပါပြီ။ လေ့လာချက်တွေအရ တောထဲမှာ မွေးမြူတာ ၁ နှစ်ဆိုရင် တောရဲ့အလေ့အကျင့် သဘာဝကို ရရှိပါတယ်။ ဒါကြောင့် အခု တောထဲကို စေလွှတ်ဖို့အတွက် ရုံးချုပ်ကို တင်ပြထားပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

မြန်မာ့ကြယ်လိပ်အား ဒေသသုံးအမည်များအဖြစ် မြလိပ်၊ ဆီချိုလိပ်၊ တောင်ပုံလိပ်နှင့် နတ်လိပ်ဟူ၍လည်းခေါ်ဝေါ်ကြကြောင်း သိရသည်။ ကြယ်လိပ်သည် မြန်မာနိုင်ငံ၏ ဒေသရင်းမျိုးစိတ် (Endemic Species) ဖြစ်ကြောင်း သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ သိရသည်။
ကြယ်လိပ်မျိုးစိတ်များအပါအဝင် လိပ်မျိုးစိတ်များသည် အပင်မျိုးစိတ်များနှင့် မှိုမျိုးစိတ်များပြန့် ပွားနိုင်ရန်အတွက် မျိုးစေ့များ၊ ဝတ်မှုန်၊ ဝတ်ဆံများနှင့် ပိုးမွှားများကို ပျံ့နှံ့သယ်ဆောင်ပေးနိုင်ကြောင်း သိရသည်။
“ဒီနှစ်မှာလည်း ကြယ်လိပ် အမ ၅၀၀၊ အထီး ၅၀၀ကို တောထဲကို လွှတ်မှာပါ။ လွှတ်တဲ့ အကောင်တိုင်းတော့ မရှင်သန်နိုင်ဘူးပေါ့။ အပူကြောင့် သေဆုံးတာ၊ တောခွေးစားလို့ သေဆုံးတာတွေလည်း မှတ်တမ်းတွေရှိပါတယ်။ ဒီကြယ်လိပ်လေးတွေကို အရင်ကတော့ ဒေသခံလူတွေက တောထဲဝင်လို့တွေ့ရင် သတ်ပြီး ဟင်းချက်စားတာပေါ့။ နောက်ပိုင်းကျတော့ ဟင်းချက်စားရုံတင်မကတော့ဘူး။ မြို့ကလူတွေက အလှမွေးဖို့အတွက် ဈေးကောင်းပေး ဝယ်ယူလာတဲ့အခါ ဒေသခံတွေက ကြယ်လိပ်တွေ ပိုရှာလာကြရင်းနဲ့ ရှားပါးလာတာပါ” ဟု ဦးအောင်ဆန်းက ပြောသည်။
ကြယ်လိပ်ကလေးများကို ထိန်းသိမ်းရန် ရွှေစက်တော် ဘေးမဲ့တောတွင် မွေးမြူထားတာ အကောင် ၂,၀၀၀ ရှိကြောင်း သိရသည်။

“ကြယ်လိပ်လေးတွေက အသစ် မွေးလာတိုင်းလည်း မရှင်သန်ဘူး။ အသစ်မွေးတဲ့အခါက ၆၀ ရာခိုင်နှုန်းလောက်ပဲ ရှင်သန်နိုင်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်တာကတော့ ခြံထဲမှာ အကောင်ကြီးသီးသန့်၊ အကောင်ငယ်သီးသန့်လွှတ်ထားတာပေါ့။ ကန်စွန်းရွက်၊ သခွတ်ပွင့်၊ ခရမ်းချဉ်သီးတွေနဲ့ အသီးအရွက်တွေကို ကျွေးပါတယ်။ သူတို့ ရေသောက်ဖို့၊ စိမ်ချင်လည်း စိမ်လို့ရအောင် ရေကျင်းလေးတွေလုပ်ပေးထားတယ်။ အဲဒါတွေကိုလည်း နေ့စဉ်သန့်ရှင်းရေး လုပ်ရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပုံမှန်ဆောင်ရွက်ပေးပါတယ်” ဟု ဦးအောင်ဆန်းက ကြယ်လိပ်လေးများ ထိန်းသိမ်းမွေးမြူခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ အရ သစ်တောဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၆၉၀/၂၀၂၀) ဖြင့် ထုတ်ပြန်ထားသည့် မြန်မာတစ်နိုင်ငံလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကြယ်လိပ်များကို လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်အဖြစ် သတ်မှတ်၍ ထိန်းသိမ်းကာကွယ်ထားကြောင်း သိရသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့ တွင်လည်း မျိုးသုဉ်းလုနီးပါးမျိုးစိတ် (Critically Endangered) အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ထားသော မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းတွင် နောက်ဆက်တွဲ (က)မျိုးစိတ် အဖြစ် ထည့်သွင်းသတ်မှတ်၍ ကုန်သွယ်မှုအရလည်း ကာကွယ်မှုအဆင့်အတန်း အမြင့်ဆုံးအဖြစ် ထိန်းသိမ်းကာကွယ်ထားကြောင်း သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ သိရသည်။ (Xinhua)