Environment, Disasters & Accidents
ရေး-သံဖြူဇရပ်သွားလမ်းတွင် ယာဉ်နှစ်စီးတိုက်မိကာ ယာဉ်ပေါ်ပါ လူ(၅)ဦး ကားအတွင်းညပ်ပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
မွန်ပြည်နယ် သံဖြူဇရပ်-ရေး လမ်းမကြီး ကနင်ကမော့ကျေးရွာနှင့် အောင်သာယာရွာအကြား၌ ဇန်နဝါရီလ ၂၇ ရက် ည ၆ နာရီ ၄၀ မိနစ်အချိန်ခန့်က Express ယာဉ် နှင့် Probox တိုက်မိမှုကြောင့် Probox ပေါ် ပါလာသည့် လူ (၅) ဦး ကားအတွင်းညပ်ပြီး သေဆုံးသွားကြောင်း မွန်ပြည်နယ် ယဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ပြောသည်။

ယာဉ်တိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ- ရွှေဟင်္သာလူမှုကူညီရေးအသင်း)

ယာဉ်တိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ- ရွှေဟင်္သာလူမှုကူညီရေးအသင်း)
” Probox ကားပေါ်ပါတဲ့ လူ ၅ ယောက်လုံး အခင်းဖြစ်တဲ့နေရာမှာပွဲချင်းပြီး သေသွားတယ်၊ ဒဏ်ရာရတဲ့လူတော့မရှိဘူး ၊ ခရီးသည်တင် ကားက ပျက်စီးတာပဲရှိတယ်၊ လူဘာမှမဖြစ်ဘူး၊ Probox ကားကတော့ ကားတစ်စီးလုံး ရစရာမရှိတော့ဘူး” ၎င်းကဆိုသည်။
အဆိုပါ ယာဉ်တိုက်မိမှုကြောင့် Probox ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦးနှင့် ကလေးတစ်ဦး ကားအတွင်းညပ်ပြီး သေဆုံးသွားကြောင်း ရွှေဟင်္သာလူမှုကူညီရေးအသင်းက ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောသည်။
ယင်းနောက် ကားထဲညပ်နေသော သေဆုံးသူ၏ရုပ်အလောင်းများအား ဝိုင်းဝန်း ဆွဲထုတ်ခဲ့ပြီး လမိုင်းဆေးရုံ ရင်ခွဲရုံသို့ လူမှုကယ်ဆယ်ရေးကားများဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။ (Xinhua)