Connect with us

Myanmar

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Impact Arena မှာ ယှဉ်ပြိုင်ထိုးသတ်သော သိုင်းပေါင်းစုံလက်ဝှေ့သမား အောင်လအန်ဆန်က ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်ဗောင်းကို တချီတည်းနှင့် အနိုင်ရရှိ

One Championship ပြိုင်ပွဲရဲ့ ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး(One Fight Night -6) ပွဲစဉ် တစ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရသည့်ပွဲစဉ်တွင် သိုင်းပေါင်းစုံလက်ဝှေ့သမား အောင်လအန်ဆန်နှင့် ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်ဗောင်းတို့ ထိုးသတ်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- One Championship)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့Impact Area အားကစားကွင်းတွင် ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်းက One Championship ပြိုင်ပွဲ၏ ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး(One Fight Night -6) ပွဲစဉ် တစ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရသည့်ပွဲစဉ်တွင် သိုင်းပေါင်းစုံလက်ဝှေ့သမား အောင်လအန်ဆန်က ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်ဗောင်းကို ပထမအချီ၌ပင် အလဲထိုးအနိုင်ရရှိခဲ့သည်။

မြန်မာ့ စပါးအုံးလို့ နာမည်ကျော်သည့် အောင်လအန်ဆန်နှင့် ဘရာဇီး ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဂီလ်ဘာတိုတို့ ယှဉ်ပြိုင်ထိုးသတ်စဉ် အောင်လအန်ဆန်က ၁ မိနစ်၊ ၂၉ စက္ကန့်တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပွဲစတင်ကတည်းကပင် အောင်လအန်ဆန် က ဂီလ်ဘာတို ဂယ်ဗောင်း၏ တရကြမ်းဝင်ရောက်ထိုးသတ်မှုများကို ရှောင်တိမ်းကာ စက္ကန့်ပိုင်းအတွင်းမှာပင် ပထမတစ်ကြိမ်အလဲထိုးနိုင်ခဲ့သည်။ ဆက်လက်တိုက်ခိုက်လာသော ဂီလ်ဘာတို ဂယ်ဗောင်းက အောင်လ အား ထိန်းချုပ်ရန် ကြိုးစားသော်လည်းမအောင်မြင်ဘဲ ထပ်မံ၍ အလဲထိုးကာ ဒုတိယအကြိမ်အလဲထိုးမှုတွင်မူ လဲကျနေသော ပြိုင်ဘက်အား အဆက်မပြတ်ထိုးနှက်နေသော အောင်လအန်ဆန်ကို ဒိုင်ပွဲရပ်ဖြင့်အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

ဤသို့အနိုင်ရရှိမှုကြောင့် အောင်လအန်ဆန် အနေဖြင့် လက်လွှတ်ခဲ့ရသော One Championship ပြိုင်ပွဲ မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ ချန်ပီယံဆုနှစ်ခုအတွက် ပြန်လည်စိန်ခေါ်ခွင့်ရမည်ဖြစ်သည်။ ယခုပွဲစဉ် အပြီးတွင် အောင်လအန်ဆန်က မြန်မာပရိသတ်များအားကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ်နောက်ပိုင်း အောင်လအန်ဆန်သည် ၎င်း၏ ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရကြောင်း သိရသည်။ (Xinhua)