Myanmar
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀,၀၀၀ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀,၀၀၀ ဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ နေအိမ်တစ်လုံးအား ဇွန် ၁၁ ရက်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ မှဝင်ရောက်ရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀,၀၀၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ် ဆေးပြားများအား ရန်ကုန်မြို့ရှိ KTV၊ CLUB၊ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ဖမ်းဆီးရမိသူတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)