Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတောင်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးကာ အဆောက်အအုံအများအပြားပျက်စီး

ငလျင်လှုပ်ရှားမှုပြမြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ- မိုးလေဝသနှင့် ဇလဗေဒနှင့် ညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တောင်ပိုင်းတွင် ဇွန် ၇ ရက်က လှုပ်ခတ်ခဲ့သောအင်အား ၄.၈ အဆင့်ရှိ ငလျင်ကြောင့် လူနှစ်ဦး သေဆုံးပြီး အဆောက်အဦ အများအပြား ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့မှ ပြောကြားခဲ့သည်။

မအူပင်မြို့အပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့အများအပြားတွင် ငလျင်လှုပ်ခတ်မှု ကို ခံစားခဲ့ရကြောင်း သိရသည်။
“မအူပင်မြို့မှာ မိုးကုတ်ရိပ်သာက မျက်နှာကျက် ပြိုကျလို့ သီလရှင်တစ်ဦးနဲ့ ယောဂီအဖွားတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။ နောက်တစ်ဦးက ဒဏ်ရာတော့ရတယ်။ သိပ်တော့မဆိုးဝါးပါဘူး။ ဒဏ်ရာရရှိသူကိုတော့မအူပင်ဆေးရုံကို ပို့လိုက်ပါတယ်’’ ဟု စေတနာရှင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးအောင်ကျော်မြင့်က ဆင်ဟွာသို့ပြောသည်။

မအူပင်မြို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မြို့လယ်ရှိ ရွှေဘုန်းမြင့်စေတီ ထီးတော်မြေခခဲ့ပြီး ၊ ငလျင်ကြောင့် အဆောက်အဦတစ်ချို့လည်းပျက်စီးခဲ့ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက “ဒီငလျင်လှုပ်ရတာက ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ပြတ်ရွေ့အငယ်လေးတွေ လှုပ်ရှားမှုကြောင့်ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးတို့ ရန်ကုန်တိုင်းဒေသကြီးတို့က အနက်တိမ်ပြီး မြေပျော့တဲ့အတွက် ငလျင်လှုပ်တာကို လူတွေခံစားမိကြတာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါငလျင်သည် ဇွန်လ (၇) ရက်၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၂၃)မိနစ်၊ (၅၁) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၃၃) မိုင်ခန့်အကွာ (ညောင်တုန်းမြို့၏ တောင်-အရှေ့တောင်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၉၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၇)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ဒေါက်တာယဉ်မျိုးမင်းထွေးက “ရန်ကုန်မှာက လူနေထူထပ်တယ်။ အထပ်မြင့်အဆောက်အအုံတွေလည်းများပြား တဲ့အတွက် ငလျင်ဘေးကို အထူးသတိပြုဖို့လိုအပ်ပါတယ်’’ဟု ပြောသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.